နေပြည်တော်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း တစ်ကျောင်းမှ ဆရာမတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိရ၍ ကျောင်းနှစ်ပတ်ပိတ်

0
118

နေပြည်တော် ဇွန် ၂၈

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း (အိုင်ဇောက်) ရှိ အထွေထွေ လုပ်သားဆရာမ တစ်ဦးတွင် ဇွန်လ ၂၅ ရက်နေ့က Covid-19 ပိုး ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့ရ၍ အဆိုပါ ကျောင်းကို နှစ်ပတ်ယာယီ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း (အိုင်ဇောက်) ရှိ အထွေထွေလုပ်သား ဆရာမတစ်ဦးမှာ ၎င်း​၏ အမျိုးသားဆီမှ ကူးစက်ခံရခြင်းဖြစ်ပြီး ဆေးစစ်ကြည့်ရာမှ ဇွန်လ ၂၅ ရက်နေ့ ဆေးစစ်ချက် အဖြေအရ Covid-19 ရောဂါပိုး တွေ့ရှိခဲ့ ရခြင်းဖြစ်၍ ဇွန်လ ၂၅ ရက်မှစ၍ အဆိုပါ အခြေခံပညာမူလတန်းလွန်ကျောင်းကို နှစ်ပတ်ယာယီပိတ်ခိုင်းထားခြင်းဖြစ်သည်။ ” အိုင်ဇောက် မူလွန်ကျောင်းက အထွေထွေလုပ်သား ဆရာမ တစ်ဦးပါ။ သူ့အမျိုးသားဆီက ကူးတာပါ။ သူ့အမျိုးသားက လွန်ခဲ့တဲ့ တစ်ပတ်လောက်က မကွေးဘက်ကိုသွားတာ။ ပြန်လာတော့ ဖျားလို့ ဆေးစစ်တော့ ပိုးတွေ့တယ်။ အဲ့တော့ သူ့ကိုလဲ စစ်တော့ ပိုးတွေ့တာပါ။ ကျောင်းက ကျန်တဲ့ ဆရာမတွေ၊ ကျောင်းသားတွေလဲ stay home နှစ်ပတ် နေခိုင်းထားတာပါ” ဟု နေပြည်တော် ပညာရေး မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယခုလအတွင်း နေပြည်တော်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းတွင်လည်း Grade-2 ကျောင်းသား တစ်ဦး ကိုဗစ်ပိုးတွေ့ရှိ ခဲ့ပြီး အခြားကျောင်းသားများနှင့် ဆရာ၊ ဆရာမ များကို Quarantine စင်တာသို့ ပို့ဆောင် စောင့်ကြည့်ခဲ့ရာ ပိုးထပ်မံတွေ့ ရှိရခြင်း မရှိကြောင်း သိရသည်။ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် အစိုးရ၊ ဘုန်းတော်ကြီးသင်နှင့် ကိုယ်ပိုင် အခြေခံ ပညာကျောင်းပေါင်း ၈၅၉ ကျောင်းရှိပြီး အဆိုပါ ကျောင်းများ အားလုံးကိုလည်း လက်ရှိတွင် သံသယရှိနိုင်ဖွယ် အခြေအနေများ ရှိမရှိ မေးမြန်းမှုများ ပြုလုပ် လျက်ရှိပြီး သံသယရှိနိုင်၊ မရှိနိုင် ဆိုသည့် အခြေအနေများကို အခြေခံပညာဦးစီးဌာန ရုံးချုပ်သို့ တင်ပြဆောင်ရွက်နေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here