တရုတ်နိုင်ငံတွင် ဟိုတယ်ပြိုကျသဖြင့် လူ ၈ ဦးထက်မနည်းသေဆုံး

0
283
ပေကျင်း၊ ဇူလိုင် ၁၃
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ Suzhou မြို့မှ ဟိုတယ်တစ်ခု ပြိုကျသဖြင့် လူ ၈ ဦးထက်မနည်းသေဆုံးပြီး အခြား ၉ ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတို့က ယနေ့ ဇူလိုင် ၁၃ တွင်ပြောကြားသည်။
ယင်းမြို့ရှိ စိကျိကိုင်ယွန်ဟိုတယ် (Siji Kaiyuan)သည် တနင်္လာနေ့ မွန်းလွဲပိုင်းက ပြိုကျခြင်းဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေး အဖွဲ့ ကပြောသည်။
ဟိုတယ်တွင်းရှိနေကြသူ အများစုမှာ လာရောက်တည်းခိုသည့် ဧည့်သည် များဖြစ်ကြပြီး၊ ၂၃ ဦး ပိတ်မိနေလျှက်ရှိရာ ၆ ဦးကို ကယ် ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
ဟိုတယ်ပြိုကျရာသို့ မြေငလျင်ကယ်ဆယ်ရေး အဖွဲ့အပါဝင် လူပေါင်း ၆၀၀ ကျော်၊ ယာဉ်ပေါင်း ၁၂၀ ခန့်ဖြင့် ကယ်ဆယ် ရှာဖွေရေး လုပ်ငန်းများကိုဆောင်ရွက်လျှက်ရှိကာ၊ ကရိန်းများ၊ လှေကားများ၊ သတ္တုဖြတ်တောက်ရေးကိရိယာများနှင့် ရှာဖွေရေးခွေးများကိုပါ အသုံးပြုလျှက်ရှိကြောင်းသိရသည်။
မည်သည့်အကြောင်းကြောင့် ပြိုကျရသည်ဆိုခြင်းကိုမူ မသိရသေးချေ။
ခရီးသွားဝက်ဆိုက် များ၏ အဆိုအရ ယင်းဟိုတယ်တွင် ဧည့်သည်များတည်းခိုရန် အခန်း ၅၄ ခန်းရှိပြီး ၂၀၁၈ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Suzhouမြို့သည် ရှန်ဟိုင်းမြို့၏ အနောက်ဖက် ကီလိုမီတာ ၁၀၀ ခန့်တွင်တည်ရှိပြီး လူဦးရေ ၁၂သန်းမျှ နေထိုင်ကြကာ ခရီးသွားများ အတွက် ဆွဲဆောင်မှုရှိသောမြို့တစ်မြို့ဖြစ်သည်။
Ref: At least 8 dead in hotel collapse in China’s Suzhou
Photo: AFP, AP


LEAVE A REPLY

Please enter your comment!
Please enter your name here