၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းမိသားစုကိုယ်စား ဒေါက်တာတိုးအောင် တက်ရောက်ဂါရဝပြု

0
270

ရန်ကုန်၊ ဇူလိုင် (၁၉)

ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ၇၄နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို အမျိုးသားခေါင်းဆောင်ကြီးများ၏ မိသားစုဝင်အချို့ တက်ရောက်ခြင်း မရှိသည်ကိုတွေ့ရသည်။ အဆိုပါလွမ်းသူ့ပန်းခွေချ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုကိုယ်စား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနမှူး ဒေါက်တာတိုးအောင်က တက်ရောက်ဂါရဝပြုခဲ့ပြီး အချို့သောမိသားစုဝင်တို့တွင်လည်း ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ကြသည်ကိုတွေ့ရသည်။

ယနေ့တွင်ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဒီယေးဂိုးမြို့တွင်ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးတို့ဇနီးမောင်နှံက သံဃာတော်များကို ဆွမ်းကပ်လှူခဲ့ကြသည်

 

လန်ဒန်မြို့တွင်လည်း ဇူလိုင်လ ၁၇၊၁၈ နှင့် ၁၉ ရက်နေ့တွင် အာဇာနည်နေ့အခမ်းအနားကျင်းပခဲ့ရာ ယနေ့တွင်ဒေါ်အောင်ဆန်းစုကြည်၏သားအငယ် ဦးထိန်လင်း တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့ရသောအာဇာနည်များကို ဂါရဝပြုကြောင်းနှင့် မြန်မာပြည်သူလူထုကိုအားပေးစကားပြောခဲ့သည်။

အာဇာနည်နေ့ အလံတင်အခမ်းအနားကို အတွင်းဝန်ရုံး (ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့် ဝန်ကြီးများရုံး)၌ ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) တက်ရောက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျှော့ချလွင့်ထူကာ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက ကျဆုံးရဲဘော် အလေးပြုစစ်ခရာမှုတ်၍ အလေးပြုကြပြီးအာဇာနည်ခေါင်းဆောင်ကြီးများအား အာရုံပြ၍ နှစ်မိနစ် ငြိမ်သက်စွာဖြင့် မေတ္တာပို့သ အမျှပေးဝေကြသည်။

 

အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ အလှူဒါနပြု အမျှပေးဝေခြင်း အခမ်းအနားကို မြို့တော်ခန်းမ၌ ကျင်းပရာအခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်များကတက်ရောက်၍ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here