တစ်လထဲ ရုပ်အလောင်း၄၀၀ကျော်မီးသဂြိုလ်ပေးခဲ့ရသည့် ပခုက္ကူသဂြိုလ်စက်အက်ကွဲသွား၍မဖြစ်မနေကိစ္စရပ်အပ ကျန်သူများကို မြေမြှပ်၊ဂူသွင်းသာဆောင်ရွက်တော့မည်ဟုသိရ

0
97
ပခုက္ကူ ဩဂုတ် ၃
တစ်လထဲ ရုပ်အလောင်း၄၀၀ကျော်မီးသဂြိုလ်ပေးခဲ့ရတဲ့ ပခုက္ကူသဂြိုလ်စက်ဟာ အက်ကွဲသွားတဲ့အတွက် မဖြစ်မနေကိစ္စရပ်အပ ကျန်ရုပ်အလောင်းတွေကို မြေမြှပ်၊ဂူသွင်းခြင်းတွေသာဆောင်ရွက်တော့မယ်လို့ ပခုက္ကူစည်ပင်က အသိပေးပြောဆိုထားပါတယ်။
ပခုက္ကူ ၃ မိုင်ကုန်းသုဿာန်မှာ မီးသဂြိုလ်စက်( ၂ ) လုံးရှိပြီး ရောဂန္တရကပ်ဆိုက်ချိန် နေ့စဥ် ပျမ်းမျှ ၂၀ ဦးခန့် မီးသဂြိုလ်မှု ပြုရတာကြောင့် အက်ကွဲယိုယွင်းသွားခဲ့ရတာပါ။
မီးသဂြိုလ်စက်များထိန်းသိမ်းခြင်းအမှု ဆောင်ရွက်စဥ်ကာလအတွင်း မဖြစ်မနေ ကိစ္စများကိုသာ မီးသဂြိုလ်ခြင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ရိုးရိုးဓမ္မတာ/ရောဂါဖြင့်သေဆုံးသူများကို မြေမြှပ်ခြင်း၊ ဂူ(ကြီး)သွင်းခြင်းဖြင့်သာ လက်ခံဆောင်ရွက်ပေးတော့မယ့်လို့ ပခုက္ကူစည်ပင်က အသိပေးလိုက်တာပါ။
ပခုက္ကူမြို့မှာ ၁ – ၇ – ၂၀၂၁ ရက်နေ့မှ ၂ – ၈ – ၂၀၂၁ ရက်နေ့အထိ သေဆုံးသူ ၄၁၀ ဦးရှိခဲ့တာကို ပခုက္ကူ ၃ မိုင်ကုန်းသုဿာန်မှာ သဂြိုလ်ပေးခဲ့ရတယ်လို့သိရပါတယ်။ အများအားဖြင့် မီးသဂြိုလ်ဆောင်ရွက်ပေးရတာဟာ တစ်နေ့ ပျမ်းမျှ ၁၂ ဦးနှုန်းခန့်ရှိတယ်လို့ ပခုက္ကူစည်ပင်က ဆိုပါတယ်။
၂၀ – ၇ – ၂၀၂၁ နောက်ပိုင်း သေဆုံးသဂြိုလ်ပေးရသည့် အရေအတွက်ကတော့ အနည်းဆုံး ၁၇ ဦးကနေအများဆုံး ၃၄ ဦး အထိဖြစ်သွားခဲ့ပါတယ်။
သေဆုံးသူ ၄၁၀ ဦးအနက် ရိုးရိုး ရောဂါဖြင့်သေဆုံးသူက ၃၁၅ ဦး ဖြစ်ပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၉၅ ဦး ရှိပါတယ်။
အချို့ကလည်း ကိုဗစ်ရောဂါဖြင့်သေဆုံးတာကို လက်မခံလိုတဲ့အတွက် သေဆုံးသူရဲ့ ကျန်ရစ်သူမိသားစုအလိုအရ အခြားရောဂါဖြင့် သေဆုံးခြင်းဟု စာရင်းမှတ်သားရတာတွေလည်းရှိတာကြောင့် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၉၅ ဦး ထက်ပိုနိုင်တယ်လို့ ပခုက္ကူစည်ပင်က ဆိုပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here