စင်ကာပူတွင် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူများအတွက် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များ ပထမအဆင့်ဖြေလျော့မှု ယနေ့စတင်

0
193
စင်ကာပူ၊ သြဂုတ် ၁၀
စင်ကာပူတွင် ကာကွယ်ဆေးထိုးပြီး သူများအတွက် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များ ပထမအဆင့် ဖြေလျော့မှုကို ယနေ့စတင်ပြီဖြစ်ပြီး၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်မှု၊ မင်္ဂလာဆောင်များ၊ ဂီတပွဲများနှင့် အားကစားပွဲ များတွင် လူဦးရေတိုးမြှင့်သတ်မှတ်ပေးမှုတို့လည်းပါဝင်သည်။ ဒုတိယအဆင့်ဖြေလျော့မှုကိုမူ သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ယနေ့သည် စင်ကာပူနိုင်ငံ၏ အမျိုးသားနေ့လည်းဖြစ်သည်။
ထိုသို့ဖြေလျော့လိုက်ရာတွင် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူများအနေဖြင့် အခွင့်အရေးများ ပိုမိုရရှိမည်ဖြစ်ပြီး၊ ဆိုင်ထိုင်စားသောက်ခြင်းများ၊ ဝတ်ပြုဆုတောင်းခြင်းများတို့တွင် နှာခေါင်းစည်းချွတ်ခွင့်ကိုလည်းရရှိကြမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးပြီးကြသူများသည် အများပြည်သူ သွားလာသည့်နေရာများတွင် လူ ၅ ဦးအထိ စုဝေးခွင့်၊ စားသောက်ဆိုင်များတွင် လူ ၅ ဦးအထိ အတူတကွစားသောက်ခွင့်၊ အားကစားရုံများတွင် နှာခေါင်းစည်းမဝတ်ဆင်ပဲ လေ့ကျင့်ခွင့်တို့ကိုရမည်ဖြစ်သည်။
မင်္ဂလာဆောင်များတွင် ကာကွယ်ဆေးထိုးပြီးသူ ၅၀၀ အထိတက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး၊ ကာကွယ်ဆေးမထိုးသူများဖြစ်ပါက ၅၀ အထိသာခွင့်ပြုမည်ဖြစ်သည်။
ထို့အတူပင် အခြားနေရာများတွင်လည်း ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူတို့အနေဖြင့် ကာကွယ်ဆေးမထိုးရသေးသူများ(သို့) တစ်ကြိမ်သာထိုးပြီးသူများထက် ပိုမိုသော ဖြေလျော့မှုများကိုရရှိမည်ဖြစ်သည်။
ယင်းဖြေလျော့မှုများသည် သြဂုတ်လ ၁၉ ရက်နေ့အထိဖြစ်ပြီး၊ သြဂုတ်လ ၁၉ ရက်မှစတင်၍ ဒုတိယအဆင့် ထပ်မံဖြေလျော့မှုများကို ပြုလုပ်ပေးဦးမည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းဖြေလျော့မှုများအပြင် နယ်စပ်မှဝင်ရောက်မှုများအတွက်လည်း ဖြေလျော့မှုများပြုလုပ်ပေးသွားမည်ဖြစ်သည်။
စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၅ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကာကွယ်ဆေးနှစ်ကြိမ်အပြည့်အဝထိုးနှံပြီးသူ ၆၇ ရာခိုင်နှုန်းရှိပြီး၊ တစ်ကြိထိုးနှံပြီးသူများကိုပါ ထည့်သွင်းရေတွက်မည်ဆိုလျှင် ၇၈ ရာခိုင်နှုန်းအထိရှိကြောင်းသိရသည်။
Ref: Singapore to start easing social, border restrictions for fully-vaccinated people this week


LEAVE A REPLY

Please enter your comment!
Please enter your name here