နေပြည်တော်ရှိ ပြည်သူ့ဆေးရုံများတွင် နေ့စဉ် လိုအပ်နေသည့် အောက်ဆီဂျင် အိုးကြီး ၄၀၀ ကို ဖြည့်ဆည်းပေးနိုင်တော့မည်

0
206
နေပြည်တော် ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တည်ဆောက်ပြီးစီးပြီဖြစ်သည့် liquid oxygen တန်(၂၀)ဆန့်Oxygen Plant မှ နေပြည်တော် အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် လိုအပ်နေသည့် အောက်ဆီဂျင်များကို စတင်ဖြည့်ဆည်းပေးနိုင်တော့မည်။
အဆိုပါ စက်ရုံကို နေပြည်တော်ရှိပုဗ္ပသီရိကုတင်(၃၀၀) ဆေးရုံ တွင်တည်ဆောက်ထားခြင်းဖြစ်ပြီး ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက တည်ဆောက်ပြီးစီး၍ အောက်ဆီဂျင် စတင်ထုတ်လုပ်ပေးနေပြီဖြစ်ကြောင်း၊ ထိုသို့ ထုတ်လုပ်ပေးမည့် အောက်ဆီဂျင်များကို အဓိကအားဖြင့် နေပြည်တော်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံများ စုစုပေါင်း အစိုးရဆေးရုံ ပေါင်း ၁၂ ခု မှ လိုအပ်နေသည့် အောက်ဆီဂျင်များကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
” ဒီ Liquid Oxygen Plant တည်ဆောက်မှုက တနေ့က ညနေပိုင်းကပြီးလို့ ပြီးပြီးချင်း ၄၀ လီတာအိုးကြီး အောက်ဆီဂျင် အလုံး ၂၀ စထုတ်ပါတယ်။ ဒီစက်က ၄၀ လီတာအိုကြီး ၁၀ လုံးကို ဆယ်မိနစ်နဲ့ထုတ်တယ်။ တစ်နာရီမှာ အောက်ဆီဂျင်အိုးကြီး အလုံး ၆၀ ထုတ်နိုင်တဲ့ ကပစီတီ ရှိပါတယ်။ နေပြည်တော်က အစိုးရဆေးရုံတွေ ၁၂ ခုကနေ နေ့စဉ်အောက်ဆီဂျင် ၄၀ လီတာ အိုးကြီး ၃၅၀ ၊ ၄၀၀ လောက် လိုအပ်ချက်ရှိနေတာပါ။ ဒီလိုအပ်ချက်တွေကို လုံလုံလောက်လောက် ဖြည့်ဆည်းဖြနိ့ဝေသွားနိုင်မှာပါ။ ဒီနေ့ကစဖြန့်လို့ရနေပါပြီ။ နောက်ပိုင်းမှာ ပိုထုတ်လုပ်နိုင်ဖို့လည်း စီစဉ်ထားတာတွေရှိပါတယ်။ ဒီစက်ကလောလောဆယ်မှာ အိုးကြီး ဆယ်လုံးကို တစ်ပြိုင်နက်ထုတ်နိုင်ပါတယ်” ဟု နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၃၀၀)၊ အောက်စီဂျင်စက်ရုံထုတ် လုပ်ရေးတွင် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ကုသရေးဦးစီးဌာန(ဝယ်ယူရေး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို Liquid Oxygen Plant မှ ထုတ်လုပ်သည့် အောက်ဆီဂျင်များကို အဓိကအားဖြင့် ပြည်သူ့ဆေးရုံကြီးများ​၏ အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းရန်ဖြစ်ပြီး အများပြည်သူကြား ရောင်းချရန် အစီအစဉ်မရှိကြောင်း၊ ဆေးရုံကြီးများရှိ လူနာများ​၏ အောက်ဆီဂျင် လိုအပ် ချက်များကိုသာ အဓိက ဖြည့်ဆည်းပေးနိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရုံကို ဇူလိုင်လ ဒုတိယပတ်မှစ၍ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ နေပြည်တော်အတွင်းရှိ အောက်စီဂျင်လိုအပ်နေသည့် လူနာများအတွက် လိုအပ်နေသည့်အောက်စီဂျင်ပမာဏကို ဖြည့်တင်းပေးနိုင်မည် ဖြစ်ကာ တစ်ရက်လျှင် အောက်စီဂျင် (၄၀)လီတာအိုးကြီး (၁၄၄၀) အထိ ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here