ကိုဗစ်အတည်ပြုလူနာတွေလက်ခံကုသပေးနေတဲ့ လှိုင် ကိုဗစ်စင်တာ

0
229
ရန်ကုန် ဩဂုတ် ၇
ကိုဗစ်ပေါ့စတစ် လူနာတွေအတွက် ဆေးရုံတက်ချင်တယ်ဆိုရင် လှိုင်မြိုနယ် RC2 တက္ကသိုလ်နယ်မြေထဲမှာ ဖွင့်လှစ်ထားတဲ့ လှိုင် ကိုဗစ် စင်တာမှာ ကုသမှုခံယူနိုင်တယ်လို့ သိရပါတယ်။
လူနာ ၆၀၀ ကုသနိုင်ပြီး oxygen plant ပါထားရှိထားတဲ့အတွက် လိုအပ်နေတဲ့အောက်ဆီဂျင်ကို အချိန်မှီ ရရှိနိုင်မှာဖြစ်ပါတယ်။ ရောဂါပြင်းထန်သူတွေအတွက် အောက်ဆီဂျင်လိုင်းကိုပါ ထားရှိ ပေးထားပါတယ်။
ဆေးရုံအခန်း ၁ခန်းမှာ လူနာ ၄ယောက်တက်ရောက်နိုင်ပြီး Oxygen concentrator နဲ့ အောက်ဆီဂျင်အိုး ၁ လုံးကိုပါ ထည့်သွင်းပေးထားပါတယ်။ဒါ့အပြင် ဆေးရုံလာတက်သူတွေအနေနဲ့ ဆန္ဒရှိမယ်ဆိုရင် လူနာစောင့်တစ်ဦးလိုက်ပါခွင့်ပြုထားပါတယ်။
ICU မရှိတာကြောင့် ရောဂါပြင်းထန်သောလူနာတွေကို မြောက်ဥက္ကလာပဆေးရုံသို့ လွှဲပြောင်းပေးတယ်လို့လည်း သိရပါတယ်။
ကုသမှုခံယူနေသူတွေအတွက် နံနက်၊နေ့လည်နဲ့ ညစာတွေကိုပါ စင်တာကစီစဉ်ပေးပြီး ဆေးကုသစရိတ် အခမဲ့ဖြစ်ပါတယ်။
ဆေးရုံမှာ ကုသမှုခံယူချင်သူတွေအနေနဲ့ မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်ပေါ့စတစ်အတည်ပြုလူနာဖြစ်ကြောင်း ထောက်ခံချက်ပါရှိပါက ကုသမှုခံရနိုင်ပါတယ်။ ဒါ့အပြင် အခြား တိကျသေချာသောဆေးခန်းမှ ကိုဗစ် အတည်ပြုလူနာထောက်ခံချက် ပါလျှင်လည်း ဆေးရုံတက်ရောက် ခွင့်ပြုတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လှိုင်ကိုဗစ်စင်တာမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတစေတနာ့ဝန်ထမ်းတွေ လိုအပ်နေသေးတယ်လို့လည်း သိရပါ တယ်။
ပိုးကူးစက်မှုများတာကြောင့် လက်ရှိရှိနေတဲ့ ပြည်သူ့ဆေးရုံတွေမှာ နေရာအခက်အခဲတွေ ရှိတာကြောင့် စေတနာရှင်တွေနဲ့ ပရဟိတ အလှူရှင်တွေ ပေါင်းပြီး ကိုဗစ်ကုသရေးစင်တာတွေကို တတ်စွမ်းတဲ့ဘက်ကနေ ကြိုးစားပြီး ဖွင့်နေကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here