ထိုင်းရောက်မြန်မာလုပ်သားတစ်ဦး ရိုက်နှက်ခံရ၍ မြန်မာများ ဆန္ဒပြကြသည့် ကိစ္စ ထိုင်း တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမား သံအရာရှိတို့ တွေ့ဆုံညှိနှိုင်း

0
233
ရန်ကုန် ဩဂုတ် ၇
ထိုင်းရောက်မြန်မာ လုပ်သားတစ်ဦး ရိုက်နှက်ခံရလို့ မကျေနပ်ပြီး မြန်မာအချို့ ဆန္ဒပြကြတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး ထိုင်းတာဝန်ရှိ သူများ နဲ့မြန်မာအလုပ်သမားသံအရာရှိတို့ တွေ့ဆုံညှိနှိုင်းမှုလုပ်ဆောင်ခဲ့ပြီးပြီလို့ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိ ရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်၃ရက်က ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်ရှိ Cal-comp Electronics စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့မောင်သန့်ဇော်ဝင်းဆိုသူဟာ ညဆိုင်းအလုပ်ဆင်းပြီးနောက် ပြန်အလာ ၄င်းနေထိုင်တဲ့အဆောင်အနီးနားမှာ အတူနေစက်ရုံလုပ်သားအချို့ရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကို ခံခဲ့ရပါတယ်။
မြန်မာအလုပ်သမား သံအရာရှိရုံးရဲ့ထုတ်ပြန်ချက်အရ အတူနေစက်ရုံ လုပ်သားတစ်စုက မောင်သန့်ဇော်ဝင်းရဲ့ လည်ပင်းနောက်ဘက်ကို ဓါးနဲ့ ခုတ်ပြီး ထိုးကြိတ်ခဲ့တာလို့ဆိုထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး Cal-comp Electronics စက်ရုံအလုပ်သမားတွေက ဩဂုတ်လ ၄ရက်နေ့မှာ စုဝေးတောင်းဆိုခဲ့ကြတာပါ။
မြန်မာတွေ ဆန္ဒပြကြတဲ့အတွက် မြန်မာအလုပ်သမားသံအရာရှိ ဦးသူရိန်လင်း နဲ့ ဦးဝေမင်းအိမ်တို့က ဩဂုတ် ၅ရက်နဲ့ ၆ရက်နေ့များမှာ ဒဏ်ရာရရှိတဲ့အလုပ်သမား၊ ပြီးတော့အလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အလုပ်သမားတွေတောင်းဆိုတဲ့ အချက် ၇ ချက်ကို အလုပ်ရှင်၊ အလုပ်သမား ကန်ထရိုက်တာများ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။
ပြစ်မှုကျုးလွန်တဲ့တရားခံတွေကို အမှုဖွင့်လှစ်ထားပြီး ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်းနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့လည်း ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့က မြန်မာအလုပ်သမား သံအရာရှိရုံးက ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here