ကိုဗစ်-၁၉ တတိယလှိုင်း ရင်ဆိုင်နေရသည့် မြန်မာတွင် ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင်များ အရေးပေါ်လိုအပ်လျက်ရှိဟု မဲခေါင်-ဂျပန်နိုင်ငံခြားရေးဝန်ကြီးများအား နစကအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးပြောကြား

0
182
နေပြည်တော် ဩဂုတ် ၇
အခုအချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှုကို ရင်ဆိုင်နေရတဲ့ ခက်ခဲတဲ့ကာလဖြစ်ပြီး ကာကွယ်ဆေး၊ ကုသဆေးနဲ့ အောက်ဆီဂျင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ မဲခေါင်-ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတွေကို နစကအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကပြောကြားလိုက်တယ်လို့သိရပါတယ်။
ဩဂုတ်လ၆ရက်နေ့က ပြုလုပ်တဲ့ (၁၄)ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ Video Conferencing စနစ်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ပါဝင်တက်ရောက်စဉ်အခုလိုပြောကြားခဲ့တာလို့ နစကနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။
အစည်းအဝေးကို ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Motegi Toshimitsu ကသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အဖွဲဝင်နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်မှုရဲ့ (၁၄)နှစ်တာကာလအတွင်း များစွာသောစီမံကိန်းတွေ နဲ့ မဲခေါင်ဒေသတွင်း ပြည်သူတွေအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်နိုင်ခဲ့မှု၊ အစဉ်အလာချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့ပြည်သူအချင်းချင်းရင်းနှီးချစ်ကြည်မှုတို့ကို ခိုင်မာစေတဲ့ ကောင်းမွန်တဲ့ အခြေခံကောင်းတွေဆောင်ရွက်နိုင်ခဲ့မှု ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှုကို ရင်ဆိုင်နေရတဲ့ ခက်ခဲသောကာလမှာ ကာကွယ်ဆေး၊ ကုသဆေးနဲ့အောက်ဆီဂျင်တွေအရေးပေါ်လိုအပ်မှု၊ ဂျပန်နိုင်ငံအစိုးရက လူနာတင်ယာဉ်များ၊ အောက်ဆီဂျင်စက်များလှူဒါန်းမှုနဲ့ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးပြန်လည် ထူထောင်ဖို COVID-19 Crisis Response Emergency Support Loan အမေရိကန်ဒေါ်လာ သန်း(၂၈၀) ပေးအပ်ခဲ့ခြင်းတို့အပေါ် အထူးကျေးဇူးတင်ရှိမှုအပါအဝင် COVAX program မှတဆင့် ကိုဗစ်ကာကွယ်ဆေးများ ရရှိနိုင်ရေး ကူညီပံ့ပိုးနိုင်ရန် တိုက်တွန်းကြောင်း စတာတွေ ပြောကြားခဲ့တယ်လို့သိရပါတယ်။
မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုဟာ မဲခေါင်ဒေသအတွင်း လူမှုရေး၊ စီးပွားရေးကဏ္ဍများ ဖွံဖြိုးတိုးတက် လာစေရေးအတွက် အထောက်အကူပြုစေဖို့ မဲခေါင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း ၊ ဗီယက်နမ် နိုင်ငံများ နဲ့ ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်ဖြစ်ပြီး ဂျပန်နိုင်ငံကနေ ရန်ပုံငွေနဲ့ နည်းပညာ အကူအညီတွေ ပေးအပ်လျက်ရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here