တရုတ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် မြန်မာကို အမေရိကန်ဒေါ်လာ၆သန်းကျော် ရန်ပုံငွေလွှဲပြောင်းပေးအပ်

0
204
တရုတ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မြန်မာကို သြဂုတ်လ ၁၀ရက်နေ့က အမေရိကန်ဒေါ်လာ၆သန်းကျော် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ နစကနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁)အရ ဝန်ကြီး ဌာန(၁၁)ခုကနေ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိတဲ့ စီမံကိန်းများအတွက် ရန်ပုံငွေလွှဲ ပြောင်းပေးခဲ့တာပါ။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) အရ မြန်မာနိုင်ငံမှစီမံ ကိန်း (၂၂) ခုရရှိခဲ့ပေ‌မယ့်လို့ “Biosafety level-3 Lab” တည်ဆောက်ရေးစီမံကိန်းအတွက် ရန်ပုံငွေကို ပြည်တွင်းလုပ်ငန်းစဉ်များ ပြီးစီးသည့်အချိန်တွင် လွှဲပြောင်းပေးသွားမယ်လို့ တရုတ်နိုင်ငံက ပြောဆိုထားပါတယ်။အခုရတဲ့ ရန်ပုံငွေက ကျန်စီမံကိန်း(၂၁)ခုအတွက် အမေရိကန်ဒေါ်လာ (၆.၁) သန်းကျော်ဖြစ်တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းပြပါတယ်။
ထိုရန်ပုံငွေတွေနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်မှု၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနယ်ပယ်တို့က စီမံကိန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ မဲခေါင်နိုင်ငံတွေ လူမှုစီးပွားဖွံဖြိုးတိုးတက်မှု အထောက်အကူပြုမယ့် စီမံကိန်းတွေ အကောင် အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အောက်ကနေ အထူးရန်ပုံငွေကို ၂၀၁၇ ခုနှစ်ကစပြီး ထူထောင်ပေးအပ်ခဲ့တာမှာ မြန်မာနိုင်ငံက ၂၀၁၇ နှစ်ကနေ ၂၀၂၀ ကာလအတွင်း စီမံကိန်း (၅၁) ခု၊ တန်ဖိုး အမေရိကန် ဒေါ်လာ( ၁၆.၃) သန်းကို လက်ခံရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here