မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသအချို့တွင် ရေကြီးမြေပြိုမှုဖြစ်ပြီး မိုးကုတ်တွင် ကလေးငယ်တစ်ဦးအပါအဝင် ၃ဦးသေဆုံး

0
248
မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မိုးကုတ်မှာ ဒီနေ့ ရေကြီးမြေပြိုမှုတွေရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေနဲ့ ကလေးငယ်တစ်ဦးအပါအဝင် ၃ဦး ဒီကနေ့ သြဂုတ် ၁၂ရက်မှာ သေဆုံးခဲ့တယ်လို့ သဘာဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးကပြောပါတယ်။
မိုးကုတ်မှာ နေ့စဉ်ရက်ဆက်ရွာသွန်းနေတဲ့ မိုးက မရပ်သေးတာမို့ မိုးကုတ်က မော်တယ်အနီး ၊ရွှေဘုံသာ၊ မိုးကုတ်မြို့လယ်၊ အောင်မြေသုခ၊ မင်းတံတား၊ ကျယ်ပြင်ကျောက်ဖြူရပ် အင်းဂေါင်းစစ်ဆေးရေးဂိတ်၊ဘီအိုစီဆီဆိုင် အနီး၊မိုးကုတ် ရေပူနဲ့ ညောင်သုံးပင်လမ်းကြား၊ကျယ်ပြင် ပတ္တမြား ရတနာခန်းမဘေး၊ကျောက်ပြဿဒ် အနီး၊ဂေါင်းဦးဘာ၊မိုးကုတ် အရှေ့ပိုင်း လယ်ဦးသံတံတားနား၊စည်ပင်သာယာရပ်တွေမှာ ရေကြီးတာတွေနဲ့ မြေပြိုမှုအချို့ရှိခဲ့တာပါ။
သေဆုံးမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ မိုးကြီးလို့ မိုးကုတ် ကျောက်ဖြူရပ်ရှိ အင်းဂေါင်းစစ်ဆေးရေးဂိတ်အနီး ဘီအိုစီစက်သုံးဆီဆိုင် အနီးနား က နေအိမ်ပေါ် ဆီဆိုင် အုတ်တံတိုင်း ပြိုကျခြင်း၊ဓါတ်တိုင် လဲကျခြင်းတွေကြောင့် အိမ်ထဲက ဒေါ်အဖူးမနဲ့ ချွေးမဖြစ်သူ ဇီသားမီးနဲ့ မြေးဖြစ်သူ မောင်ဝင်းမြင့်တို ၃ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သဘာဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးကပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးရုပ်အလောင်းတွေကို ရရှိထားပြီး၊သေမှုသေခင်းအမှုဖွင့်လှစ်မယ်လို့ လည်း သိရပါတယ်။
ကျန်ရစ်မိသားစုဝင်တွေကို ဝန်ကြီးဌာနဘက်က တစ်ဦးလျှင် ၃သိန်းနှုန်းစီနဲ့ ငွေကျပ် ၉ သိန်းထောက်ပံ့ဖို့ စီစဉ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မိုးကုတ်ကဲ့သို့ပဲ ကေအိုင်အိုထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ မဂါယာန်တိုက်ပွဲရှောင်စခန်းမှာလည်း မိုးကြီးခဲ့တာကြောင့် မြေပြိုလို့ တိုက်ပွဲ ရှောင်ပြည်သူ ၁ဦးသေဆုံးခဲ့တဲ့ အပြင် အခြားတိုက်ပွဲရှောင် စခန်းတွေဖြစ်တဲ့ ရှအစ်ယာန်၊ဂျေယန်တိုမှာလည်း မြေပြိုမှု ရေကြီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here