ကိုဗစ်ကာလ ဆွမ်းခံ မကြွရ၍ နေပြည်တော် အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းအခက်အခဲများ ဖြစ်ပေါ်နေ

0
207

နေပြည်တော် ၊ ဩဂုတ် ၁၆

လက်ရှိ ကိုဗစ်ကာလ သံဃာများ ဆွမ်းခံမကြွရသဖြင့် နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်း အခက်အခဲ များဖြစ်ပေါ်နေကြောင်း နေပြည်တော် သာသနာရေး ဦးစီးဌာနမှ သိရသည်။

ယခုလို ကိုဗစ်ကာလတွင် နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ မြို့နယ် သုံးခုတွင် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ Stay Home သတ်မှတ်ထားပြီး လမ်းမပေါ်နှင့် ဆေးဆိုင်များတွင် လူဦးရေမထူထပ်စေရန် လျော့ချဆောင်ရွက်နေသလို သံဃာများအနေဖြင့်လည်း ကိုဗစ် ၁၉ ရောဂါ အခြေနေများကြောင့် ဆွမ်းခံကြွရခြင်း မရှိသည့်အတွက် အချိန်ကြာလာသည်နှင့်အမျှ ဘုန်းကြီးကျောင်းအချို့မှာ ဆွမ်း အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

” နေပြည်တော်ထဲက ဘုန်းတော်ကြီးကျောင်းတွေတင် မဟုတ်ပါဘူး။ နိုင်ငံတစ်ဝန်းက ဘုန်းကြီးကျောင်းတွေမှာလဲ အခက်အခဲတွေ ရှိနိုင်ပါတယ်။ အဓိကတော့ မြို့ပေါ်ကျောင်းတွေ၊ စာသင်တိုက်တွေပေါ့။ နေပြည်တော်မှာက Lock Down မိတဲ့ကျောင်းတွေလဲရှိတော့ အပြင်ထွက်ဆွမ်းခံမရ၊ ကျောင်းတွေကို ဆွမ်းလာပို့ဖို့ကလဲ မရ တဲ့အခြေအနေတွေဆိုတော့ ကျောင်းထိုင်တွေက သူတို့ ဝတ္ထုငွေတွေနဲ့ပဲ ဆွမ်းဟင်းဝယ်ချက်နေရတာတွေရှိပါတယ်။ ကြာလာတော့ အခက်အခဲတွေ ရှိလာတဲ့သဘောပါ။ တချို့ကျောင်းတွေကတော့ ဒကာ၊ ဒကာမတွေ က လာပို့တာတွေရှိတော့ နဲနဲသက်သာသေးတာပေါ့။ ဒီ တတိယလှိုင်းမှာ ပိုဆိုးပါတယ်” ဟု နေပြည်တော် သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဥိးက ပြောသည်။

လက်ရှိတွင် ဆွမ်း အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းများ စာရင်းကို ပြုစုဆောင်ရွက်လျက် ရှိကြောင်း၊ နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် ဘုန်းတော်ကြီးထိုင်ကျောင်းပေါင်း ၁၂၀၄ ကျောင်းရှိပြီး သီလရှင်ကျောင်း ၄၈ ကျောင်း ရှိပြီး သီလ ရှင်ကျောင်းများတွင် ပိုးတွေ့ရှိမှု မရှိထားကြောင်း နေပြည်တော်သာသနာရေးဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here