အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦးအပါအဝင် အာဖဂန်ပြည်သူ ၉ ဦးသေဆုံး

0
200
ကဘူးလ်၊ သြဂုတ် ၃၀
ကဘူးလ်မြို့ အနီးတဝိုက်ဒေသတွင် ကားတစ်စီအား ပစ်မှတ်ထား၍ အမေရိကန်တို့ လေကြောင်းမှတိုက်ခိုက်မှုကြောင့် မိသားစုတစ်စုမှ မိသားစုဝင် ၉ ဦးသေဆုံးခဲ့ပြီး၊ ယင်း ၉ ဦးတွင် ကလေးငယ် ၆ ဦးပါဝင်ကြောင်း ဒေသခံ CNN သတင်းထောက်ကပြောသည်။
သတင်းပေးပို့ချက်အရ ကဘူးလ်လေဆိပ်ကို ထပ်မံတိုက်ခိုက်ဖွယ်ရှိသည့် ISIS-K အဖွဲ့ဝင်တစ်ဦးပါရှိသည်ဟု ယူဆသော ကားတစ်စီးအားပစ်မှတ်ထား၍ Drone လေယာဉ်ဖြင့် တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများအနက် အငယ်ဆုံးမှာ ၂ နှစ်သမီးလေးဖြစ်ကြောင်း သူ၏ အစ်ကိုဖြစ်သူကပြောသည်။
“ကျွန်တော်တို့ဟာ ISIS လဲမဟုတ်သလို Daesh အဖွဲ့ကလဲမဟုတ်ပါဘူး။ သာမန်မိသားစုတွေပါ”ဟု သူကပြောသည်။
ယင်းမိသားစု၏ အိမ်နီးချင်းအချို့ကမူ သေဆုံးသူ အရပ်သား ၂၀ ခန့်ရှိမည်ဖြစ်ကြောင်းပြောသည်။
အမေရိကန်ပြည်ထောင်စု ဗဟိုကွပ်ကဲရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Bill Urban ကမူ “ကျွန်တော်တို့ ပစ်မှတ်ကို အောင်မြင်စွာ ပစ်နိုင်ခဲ့တယ် လို့ ယုံကြည်ပါတယ်။ အဲဒီကားကနေတစ်ဆင့် ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါ”ဟုဆိုသည်။
ယင်းသည် ကဘူးလ်လေဆိပ် အကြမ်းဖက်ဖေါက်ခွဲမှုတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် အာဖဂန်ပြည်သူ ၁၇၀ ခန့်သေဆုံးခဲ့ခြင်းဖြစ်ပွား ပြီးနောက်တွင် အမေရိကန်တို့၏ ဒုတိယအကြိမ်မြောက် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။ ပထမအကြိမ်တိုက်ခိုက်မှုမှာ သြဂုတ် ၂၇ ရက်နေ့ကဖြစ်ပြီး လေဆိပ်အကြမ်းဖက်ဖေါက်ခွဲမှုကို စီစဉ်သူ ISIS-K အဖွဲ့ဝင် ၂ ဦသေဆုံးခဲ့ကြောင်း ပင်တဂွန်မှ သတင်းထုတ်ပြန်ခဲ့သည်။
Ref: Nine family members, including children, killed in US strike in Kabul targeting suspected ISIS-K suicide bomber, relative says(CNN)


LEAVE A REPLY

Please enter your comment!
Please enter your name here