နှစ်ပေါင်း ၂ဝကြာ စစ်ပွဲအဆုံးသတ် အမေရိကန်တပ်များအားလုံး အာဖဂန်မှ ထွက်ခွာပြီးစီး

0
161
ကဘူးလ်၊ သြဂုတ် ၃၁
အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်များအားလုံး တနင်္လာနေ့က ထွက်ခွာပြီးစီးခဲ့ပြီဖြစ်ကာ၊ အာဖဂန်တွင် နှစ်ပေါင်း ၂၀ မျှကြာသည် အထိဖြစ်ပွားခဲ့သော စစ်ပွဲဆုံးသတ်ပြီဖြစ်သလို၊ တာလီဘန်တို့ လက်သို့လည်း နိုင်ငံအာဏာပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမေရိကန် တပ်မတော်လေ၏ နောက်ဆုံးလေယာဉ် သည်လည်း နံနက်အာရုံမတက်မီ နာရီအနည်းငယ် အလိုတွင် ကဘူးလ်မြို့ ဟာမစ် ကာဇိုင်း လေဆိပ်မှ အောင်မြင်စွာထွက်ခွာနိုင်ခဲ့ပြီးဖြစ်ကြောင်းကိုလည်း ပင်တဂွန်မှ တာဝန်ရှိသူတို့ကပြောသည်။
မကြာမီက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖေါက်ခွဲမှုကြောင့် ကျဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် စုစုပေါင်း အမေရိကန်တပ်ဖွဲ့ဝင် ၂၄၀၀ ကျော် အာဖဂန်မြေတွင် ကျဆုံးခဲ့ရသလို၊ ထောင်သောင်းချီသော အာဖဂန်များလည်း စစ်ပွဲကာလအတွင်း သေဆုံးခဲ့ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ကလည်း အမေရိကန်သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် ကဏ္ဍသစ်တစ်ရပ်ဖွင့်သည့် သဖွယ် ဆက်လက် ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ လက်ရှိတွင်မူ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးကို ပိတ်လိုက်ပြီဖြစ်ကာ၊ သံရုံးအသစ်ကို ကာတာနိုင်ငံတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယင်းသံရုံးကောင်စစ်ဝန်မှ တဆင့် အာဖဂန်နစ္စတန်နိုင်ငံနှင့် သံတမန် ဆက်သွယ်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သူကပြောသည်။
ကိုးကား
၁။ The Final U.S. Military Plane Has Left Afghanistan As America’s Longest War Ends(NPR)
၂။ U.S. completes withdrawal of forces from Afghanistan after 20-year war(Reuters)
၃။ US withdraws from Afghanistan bringing an end to 20-year war(Financial Times)


LEAVE A REPLY

Please enter your comment!
Please enter your name here