ယခုနှစ် မိုးမမှန်မှုကြောင့် မကွေးတိုင်းအတွင်းရှိ နှမ်းစိုက်တောင်သူအများစု အထွက်နှုန်းကျဆင်း

0
179

 

မကွေး စက်တင်ဘာ ၂

 ယခုနှစ် မိုးရာသီကာလတွင် မိုးမမှန်မှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ နှမ်းစိုက်တောင်သူအများစုတို့မှာ အထွက်နှုန်း ကျဆင်း ပြီး ပျက်ဆီးမှုများဖြင့် ရင်ဆိုင်ကြရကြောင်း မကွေးမြို့နယ်မှ နှမ်းစိုက်တောင်သူတစ်ဦးဖြစ်သူ ကိုခိုင်ကြီးက ပြောသည်။

 ယခုနှစ် မိုးနှမ်းစိုက်ရာသီတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသအချို့တွင် မိုးရွာသွန်းမှုကောင်း မွန်မှုများရှိခဲ့သော်လည်း အချို့ဒေသများတွင်မူ မိုးမမှန်မှုများကြောင့် နှမ်းစိုက်တောင်သူများ၏ နှမ်းစိုက်ဧက အများစုမှာ နှမ်းပေါ်ချိန်တွင် အထွက်နှုန်းများ ကျဆင်းမှုများရှိသလို စိုက်ဧကအချို့တို့မှာ ပျက်ဆီးရ၍ မြေပဲများကို အစားထိုးစိုက်ပျိုးမှုများလည်း ရှိကြကြောင်း သိရသည်။

 

“ ဒီနှစ် မကွေးတိုင်းအနေနဲ့ဆိုရင်တော့ နှမ်းစိုက်တောင်သူအများစုက အရှုံးပေါ်ကြတယ်ပြောရမယ်။ အထွက်နှုန်းတွေကျကြတယ်။ ကျွန်တော်တို့ မကွေးမြို့အရှေ့ဘက်နားက ရွာအချို့လောက်ပဲ မိုးမှန်လို့ နှမ်းတွေအထွက်နှုန်းကောင်းတယ်။ တစ်ဧကကို ၁၀ နှုန်းထွက်တယ်။ ခုနက မိုးရွာတာမမှန်လို့ တချို့နှမ်းခင်း တွေပျက်ဆီးရတာတွေရှိသလို ပြန်ဖျက်ပြီး နှမ်းအစား မြေပဲစိုက်လိုက် ရတာတွေ လဲရှိကြတယ်။ မပျက်ဆီးရင် လဲ နှမ်းအထွက်က ကျကြတယ်။” ဟု မကွေးမြို့နယ်၊ မကျီးကန်ကျေးရွာမှ နှမ်းစိုက်တောင်သူ ကိုခိုင်ကြီးက ပြောသည်။

 လက်ရှိတွင် မကွေးဒေသ နှမ်းဈေးကွက်အနေဖြင့် နှမ်းအဖြူ ၁၅ ပိဿာ တစ်တင်းလျှင် ငွေကျပ် ၄၃၀၀၀ ထိ ပေါက်ဈေးရှိပြီး နှမ်းနက် ၁၅ ပိဿာ တစ်တင်းလျှင် ငွေကျပ် ၅၅၀၀၀ ခန့်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပွင့်ဖြူမြို့နယ်ဘက်တွင် ဆည်ရေ၊ မြစ်ရေတင် စနစ်တို့ဖြင့် စိုက်ပျိုးရခြင်းတို့ကြောင့် နှမ်းအထွက်စောကာ အထွက်များလည်း ကောင်းမွန်မှုရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here