မြန်မာ-ထိုင်း နယ်စပ်အနီး ဖမ်းမိသည့် မူးယစ်တရားခံ ၂ ဦးကို “ဝ”တပ်ဖွဲ့က တပ်မတော်ကို လွှဲပြောင်း

0
178

မြန်မာ-ထိုင်း နယ်စပ်အနီး ဖမ်းမိသည့် မူးယစ်တရားခံ ၂ ဦးကို “ဝ”တပ်ဖွဲ့က တပ်မတော်ကို လွှဲပြောင်း

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း UWSA တပ်ဖွဲ့က ဖမ်းဆီးထားသည့် မူးယစ် တရားခံ ၂ ဦးနှင့် လက်နက် ခဲယမ်းများကို UWSA တာဝန်ရှိသူတွေက အောက်တိုဘာာ ၈ရက် တပ်မတော်ကို အခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ခဲ့သည်ဟုUWSA စစ်ဒေသ (၁၇၁)၊ ပြင်ပ ဆက်ဆံရေး ဌာနက ဒု-ဌာနမှူး ဦးဆမ်ပိန်း က ပြောသည်။

လွှဲပြောင်းပေးမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အတွင်းက “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ် (UWSA) တောင်ပိုင်းရှိ ဟွေအောခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

လွှဲပြောင်းပေးသည့် တရားခံ ၂ ဦးမှာ စက်တင်ဘာလ ၁ ရက်နေ့က မြန်မာ-ထိုင်းနယ်စပ် ဘီပီ-၁ အနီးတဝိုက်တွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကာ ဩဂုတ်လ ၃၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် အတွင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲ့ဝင် များနှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြသူများထဲမှ ၂ဦးဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။

“ ထိုင်းမူးယစ်အဖွဲ့က စိတ်ကြွဆေးပြား ၄ သိန်း ၃ သောင်း (၄၃၀,၀၀၀) နဲ့အတူ သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ UWSA ယူနီဖောင်းဝတ် အမျိုးသား အလောင်း ၁ လောင်း ရရှိခဲ့တဲ့ ဖြစ်စဉ်ကနေ ထွက်ပြေး လာသူတွေဖြစ်ပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေဟာ UWSA အဖွဲ့ရဲ့ ယူနီဖောင်းကို အလွဲသုံးစား ပြုလုပ်ခဲ့တဲ့ အတွက် တပ်မတော်နဲ့ အခြားနိုင်ငံများက အထင်အမြင်လွဲမှားမှု မဖြစ်စေဖို့အတွက် အခုလို တရားခံများ ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်တယ်”ဟုUWSA စစ်ဒေသ (၁၇၁)၊ ပြင်ပ ဆက်ဆံရေး ဌာနက ဒု-ဌာနမှူး ဦးဆမ်ပိန်း က ပြောသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို တပ်မတော်ဘက်မှ စစ်ဗျူဟာအဖွဲ့ (အခြေချ) မိုင်းတုံမြို့မှ ဗိုလ်မှူးကြီး ဇော်မင်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here