နေပြည်တော်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံ

0
140

နေပြည်တော်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံ

နေပြည်တော် အောက်တိုဘာ ၁၂

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျောင်းအပ်နှံထားပြီး အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိကြောင်း နေပြည်တော်ကုသရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသားကျောင်းသူဦးရေ ၈၃၉၆၉ ဦးရှိပြီး ၎င်းတို့ကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိပြီး လာမည့်ဒီဇင်ဘာလ ပထမပတ်အတွင်း အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိပျဉ်းမနားမြို့နယ်အနေဖြင့် ပထမသုံးရက်အတွင်း ဆေးထိုးစုရပ်တစ်ခုတွင် ကျောင်းသားဦးရေ ၁၀၀ ကိုစတင်ထိုးနှံပေးနေပြီး နောက်ပိုင်းရက်များတွင် တစ်နေ့လျှင် ကျောင်းသားဦးရေ ၄၀၀ ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကနေစပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အစီအစဉ်နဲ့ နေပြည်တော်ရှစ်မြို့နယ်အတွင်း မှာရှိတဲ့ အသက် ၁၂ နှစ် အထက် အခြေခံပညာ၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးနေတာဖြစ်ပြီး ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမ္မာန် စုရပ်တွင် ပထမသုံးရက်မှာတော့ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကိုထိုးပေးသွားမှာပါ။ နောက်ပိုင်းရက်တွေမှာတော့ တစ်နေ့ကိုကျောင်းသားကျောင်းသူ ဦးရေ ၄၀၀ နှုန်းနဲ့ထိုးပေးသွားမှာဖြစ်တယ်” ဟု နေပြည်တော် ကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အသက် ၁၂ နှစ်အထက် အသက် ၁၈ နှစ်အောက် အခြေခံပညာကျောင်းသား၊ကျောင်းသူ ဦးရေပေါင်း တစ်သန်းခန့်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ ယခုအောက်တိုဘာလ ၁၂ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်း စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here