လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နေပြည်တော်ရှိလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှမ်းခြုံထိုးပေးနိုင်မည်

0
78

လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နေပြည်တော်ရှိလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှမ်းခြုံထိုးပေးနိုင်မည်

နေပြည်တော် အောက်တိုဘာ ၁၃

၂၀၂၁ ခုနှစ်၊ လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ လူဦးရေအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးထားနိုင်မည် ဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း လူဦးရေစုစုပေါင်း ၁၁၄၈၈၅၇ ဦးခန့် ရှိပြီး အဆိုပါလူများမှ ၄၀ ရာခိုင်နှုန်းထိ ကို ယနေ့ချိန်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးထားနိုင်ပြီးဖြစ်ကြောင်း ကျန်ရှိလူဦးရေများကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး လာမည့် ဒီဇင်ဘာလပထမပတ်တွင် နေပြည်တော်ရှိလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နိုင်ငံတော်ကတော့ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကိုလွှမ်းခြုံပြီး ဒီဇင်ဘာလနောက်ဆုံးထား ထိုးနှံမယ်ဆိုပြီး လျာထားပြီးထိုးပေးနေပါတယ်။ နေပြည်တော်အနေနဲ့ဆိုရင်တော့ လူဦးရေအနေနဲ့ကလဲ အခြားပြည်နယ်နဲ့တိုင်းတွေထက် နည်းပါးတာပေါ့။ ပြီးတော့ ကာကွယ်ဆေးထိုးဖို့ အရမ်းခက်ခဲတဲ့အနေအထားတွေလဲ မရှိတော့ လာမဲ့ ဒီဇင်ဘာလဆန်းပိုင်း ပထမပတ်လောက်မှာ နေပြည်တော်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်လောက်လွှမ်းခြုံထိုးပေးနိုင်မယ်လို့ ခန့်မှန်းထားတယ်။ ဒီဇင်ဘာလကုန်လောက်မှာဆိုရင်တော့ ကျွန်တော့်တစ်ဦးတည်းရဲ့ ခန့်မှန်းသုံးသပ်ချက်အရ ၆၅ ရာခိုင်နှုန်းလောက်ထိ လွှမ်းခြုံပြီးထိုးပေးသွားနိုင်မယ်လို့တော့ ခန့်မှန်းထားပါတယ်” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နေပြည်တော်တွင် လက်ရှိချိန်ထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသည့်လူဦးရေ အရေအတွက်မှာ လူဦးရေ ၂၅၀၀၀၀ ခန့်ထိ ထိုးနှံပေးထားပြီးဖြစ်ကာ လာမည့်ဒီဇင်ဘာလဆန်းပိုင်းထိတွင် ဆက်လက်ထိုးနှံမည့် ကျောင်းသားကျောင်းသူဦးရေများနှင့် အသက် ၄၅ နှစ်အထက် ကာကွယ်ဆေးထိုးသူ များကိုပါ တွက်ချက်မည်ဆိုပါက လူဦးရေခြောက်သိန်းခန့်ထိ ထိုးနှံပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here