မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချီ

0
348

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချီ

နေပြည်တော်၊အောက်တိုဘာ ၁၃ရက်

နစက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချီလိုက်သည်ကိုတွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့်အချိန်မှ စ၍ ကျဆုံးသည့် အချိန်အထိတိုင် ကလေးဘဝ၊ မူလတန်း၊ အလယ် တန်းကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေး သမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေးကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင်ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေထားပြီး လည်းဖြစ်ပါ သည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ဖော်ပြလိုသော အဓိကအကြောင်းအရာ ကို ဇောင်းပေး၍ ရေးသားပြုစုထုတ်ဝေကြဦးမည်ဖြစ်ပါသည်။

ယခုအခါ မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများက ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ကို ငယ်ဘဝမှသည် ကျဆုံးရချိန်အထိ ဖြစ်ပျက်တွေ့ကြုံခဲ့သော အဖြစ်အပျက်များကို အသက်အပိုင်း အခြားအလကို၊ ခေတ်အပိုင်းအခြားအလိုက် ခွဲခြား၍တာဝန်ယူကာ အဂတိကင်းစွာ သုတေသနပြုစု ရေးသားခဲ့ကြပါသည်။ ခေတ်ပြိုင် အထောက်အထား မှတ်တမ်းများကိုသာမက ခေတ်ပြိုင်ဖြစ်သော သက်ရှိထင်ရှားလည်း ရှိနေသေးသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံမေးမြန်း၍ ရရှိသော အချက်အလက်များကို ကိုးကားအသုံးပြု၍လည်း ရေးသားပြုစုခဲ့ကြပါသည်။ အခါခါပြန်ဖတ်၊ အခါခါ ဖြည့်စွက်၊ အခါခါပြုပြင်၍ ရေးသားပြီး ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်က ထုတ်ဝေဖြန့်ချိခဲ့ ပါသည်။ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် အပြည့်စုံဆုံး၊ အကောင်းဆုံးဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် ယခု ဗိုလ်ချုပ်အောင်ဆန်း စာအုပ်ကို ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ်ထပ်မံ ထုတ်ဝေဖြန့်ချိလိုက်ပါသည်။ အပြည့်စုံဆုံး၊ အကောင်းဆုံးဟုမဆိုနိုင်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ၏ အကြောင်းနှင့်ပတ်သက်၍ကား အတော်အတန်ပြည့်စုံသော စာအုပ်ဖြစ်ပြီဟူ၍ကား ဆိုနိုင်ပါသည်။ သို့ပါ၍ ဤစာအုပ်ကို ဖတ်ရှုပြီး စာဖတ်သူ ရဟန်း ရှင်လူတို့အားလည်းကောင်း၊ ပြည်တွင်းပြည်ပ ပညာရှင်သုတေသီအပေါင်း ဝေဖန်ဆန်းစစ်ကြပါဟုပြောလိုပါသည်။ မြန်မာ့သမိုင်းအဖွဲ့၊ အဖွဲ့ဝင်သမိုင်းပညာ ရှင်ကြီးများ ရေးသားပြုစုပြီး စာအုပ်ဖြစ်မြောက်ရေးအတွက် သမိုင်းသုတေသန ဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ကြိုးပမ်းမှုတစ်ရပ်ဟု မှတ်ယူရပါသည်။ ထိုမျှမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို လေ့လာသုတေသနပြုစုသူများ မလွဲမသွေ ဖတ်မှတ်ရမည့် စာအုပ် တစ်အုပ်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

စာအုပ်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၅)၊ ဖုန်း-၀၆၇-၄၀၈၃၈၄၊အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ ကုမုဒြာကြာပန်းဝိုင်း အနီး၊ ဖုန်း-၀၆၇-၄၁၈၄၂၆ နှင့် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမျိုးသားပြတိုက်ရှိ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန၊ ဖုန်း-၀၁-၃၉၅၁၉၀၊ ၃၉၅၁၉၂ တို့တွင် တန်ဖိုးငွေကျပ် ၁၀၀၀ဝိ/ဖြင့် ဖြန့်ချိလိုက်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here