“ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်”
အောက်တိုဘာလ ၁၂ရက်နေ့ နေ့လည် အချိန်တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း တစ်ခု စတင်ဖြစ်ပေါ်နေပါတယ်။
ယနေ့မှာတော့ တိုင်းနှင့် ပြည်နယ် ၁၄ခုမှာ နေရာကျဲကျဲ၊ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ဖွယ် ရှိနေပြီး မြန်မာနိုင်ငံရဲ့ မြိုကြီးတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့ မှာတော့ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ဖွယ် ရှိနေပါတယ်။
ယမန်နေ့ကလည်း တောင်တရုတ် ပင်လယ်ပြင်တွင် ကွန်မ်ပစု အမည်ရှိ အပူပိုင်းမုန်တိုင်းတစ်ခုဖြစ်ပေါ်နေပြီး ဗီယက်နမ်နိုင်ငံ၊ ဗင်းန်ရ်မြို့ ၏ အရှေ့မြောက်ဘက်ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မိုးလေဝသပညာရှင် ကိုဝေဖြိုးဟန်က ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်း ရပ်ဝန်းနှင့်ပတ်သက်ပြီး “တောင်တရုတ် ပင်လယ်ပြင် မှာလည်း မုန်တိုင်းဖြစ်ပေါ်နေတော့ ရေငွေ့က နှစ်ခုမျှပြီး ပြိုင်စုနေကြတာ ဆိုတော့ အားကောင်းတဲ့ မုန်တိုင်းအဆင့်ကို မရောက်နိုင်ဘူးလို့ ခန့်မှန်းပါတယ်၊ လမ်းကြောင်းကလည်း အိန္ဒိယနိုင်ငံဘက်ကို ဝင်သွားမှာပါ” လို့ ပြောပြထားပါတယ်။