တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြီး ဆက်သွယ်၊တွေ့ဆုံ၊ပြောဆိုခြင်းမပြုလုပ်ရန် တားမြစ်
နေပြည်တော်၊အောက်တိုဘာ၁၅ရက်
ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်ကစ၍ ပြည်တွင်းပြည်ပမီဒီယာများ၊နိုင်ငံခြားသံတမန်များ၊အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ယင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊နိုင်ငံခြားအစိုးရတာဝန်ရှိသူများ၊မည်သည့်ပြင်ပ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်မျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ တနည်းနည်းဖြင့် ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း၊ မပြောဆိုခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်သည်ကို တွေ့ရသည်။
တားမြစ်ရခြင်းနှင့် စပ်လျဉ်းပြီး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် သည် သတင်းဌာနများနှင့်ဆက်သွယ်၍ သက်သေများ၏ရုံးရှေ့ထွက်ဆို ချက်များ၊ စွပ်စွဲခံရသူများ၏ထွက်ဆိုချက်များကို ထုတ်ပြန်ပြောဆိုလျက်ရှိပြီး ဦးခင်မောင်ဇော် ၏ ဆက်သွယ်ပြောဆိုချက်များသည် တရားဥပဒေနှင့်အညီ ဆောင်ရွက် ရသော ပုဂ္ဂိုလ်တစ်ဦးဦးအား နှောက်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတို့၏ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု တားမြစ်စာကဖော်ပြသည်။
နောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း ယခုထုတ်သည့် အမိန့်သည် အတည်ဖြစ်စေရမည်ဟု ဖော်ပြထားသည်ကိုလည်းတွေ့ရသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အား ပြောဆိုခွင့်ပိတ်ခြင်းက သက်သေများ၏ရုံးရှေ့ထွက်ဆို ချက်များ၊ စွပ်စွဲခံရသူများ၏ထွက်ဆိုချက်များအား ပြည်သူများ မသိရှိနိုင်တော့ဟုဆိုပြီး ဝေဖန်နေမှုများ ရှိနေကြသည်။