ထိုင်းနဲ့တောင်ကိုရီးယားက မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ဆွေးနွေးနေမှုများရှိ

0
1157

ထိုင်းနဲ့တောင်ကိုရီးယားက မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ဆွေးနွေးနေမှုများရှိ


မြန်မာအလုပ်သမားတွေ ပြန်လည်ခေါ်ယူဖို့ အတွက်ထိုင်းနိုင်ငံနဲ့ တောင်ကိုရီယားနိုင်ငံတို့က မြန်မာအလုပ်သမားဝန်ကြီးဌာနကို ဖုန်းဆက်သွယ်ပြောဆိုတာတွေ၊မေးမြန်းတာတွေ လုပ်ဆောင်နေတာ ရှိတယ်လို့
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်သန်းကပြောပါတယ်။

အလုပ်သမားခေါ်ယူဖို့အတွက် တရားဝင်အကြောင်းကြားစာပေးပို့တာမျိုးအဆင့်အထိ မရောက်သေးပေမယ့် ဖုန်းဆက်သွယ်တာ၊မေးမြန်းတာ၊အစည်းအဝေးတွေမှာ ပြောဆိုတာမျိုးတွေ ရှိနေတယ်လို့ ပြောပြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံတွေဆီ မြန်မာအလုပ်သမားစေလွှတ်တာကို ၂၀၂၀ မတ်လ ၁၈ရက်က စပြီး ယာယီရပ်နားထားခဲ့တာပါ။

ထိုင်းနဲ့ တောင်ကိုရီးယားဘက်က တရားဝင် ကမ်းလှမ်းလာပြီဆိုရင် အဆင်သင့်ဖြစ်စေဖို့လည်း အလုပ်သမားဝန်ကြီးဌာနဘက်က ပြင်ဆင်နေတာရှိပါတယ်။

နိုင်ငံမှာ ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေအရပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေ ခွင့်ပြုပြီး ပြည်ပနိုင်ငံတွေဆီ အလုပ်သမားတွေစေလွှတ်ခွင့်ပြုပေးနေတာမှာ လက်ရှိမှာ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံတွေဆီ အများဆုံးသွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

 ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်၊ မတ်လအထိ စုစုပေါင်း (၁၃၂၀၉၁၄) ဦးကို ပြည်ပ နိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။

COVID -19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို (၁၈-၃-၂၀၂၀) ရက်နေ့ကစပြီး ယာယီ ရပ်ဆိုင်းထားခဲ့သော်လည်း ပြည်ပနိုင်ငံတွေက အလုပ်သမားခေါ်ယူလိုမှုအခြေအနေတွေအရ COVID-19 ကာလအတွင်း ဂျပန်နိုင်ငံသို့ (၄၁၆၉)ဦးနဲ့ ကိုရီးယားနိုင်ငံသို့(၂၂၅)ဦး စေလွှတ်ခွင့်ပြုခဲ့တာရှိတဲ့အပြင် စင်ကာပူနိုင်ငံကလည်း အလုပ်သမားခေါ်ယူလိုကြောင်း Demand Letter များပေးပို့ကမ်းလှမ်းလာတဲ့အတွက်၂၀၂၁ ဧပြီ ၁၁ရက်က အလုပ်သမား(၂၅)ဦးကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ စေလွှတ်ခွင့်ပြုခဲ့တာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here