ဒေါက်တာဇော်မြင့်မောင်အမှုအတွက် လိုပြသက်သေထွက်မည့် စသုံးလုံးအရာရှိ ကိုဗစ်ကူးစက်ခံထားရသဖြင့် ယနေ့ အမှုမစစ်ဆေးဖြစ်

0
219

ဒေါက်တာဇော်မြင့်မောင်အမှုအတွက် လိုပြသက်သေထွက်မည့် စသုံးလုံးအရာရှိ ကိုဗစ်ကူးစက်ခံထားရသဖြင့် ယနေ့ အမှုမစစ်ဆေးဖြစ်

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အပေါ် စွဲဆိုထားသည့် အမှုများထဲမှ အမှုတစ်ခုအတွက် တရားလိုပြသက်သေထွက်ဆိုမည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)အရာရှိမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရသဖြင့် လာရောက်နိုင်ခြင်းမရှိသောကြောင့် ယနေ့ ဖေဖော်ဝါရီ၂၂ရက်တွင်စစ်ဆေးမည့် အမှုအား မစစ်ဆေးဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူအသိုင်းအဝိုင်းအချို့ထံမှ သိရသည်။

“လိုပြသက်သေပေါ့သူက။ကိုဗစ်ဖြစ်တော့ မလာနိုင်ဘူး”ဟု ရှေ့နေတစ်ဦးကပြောသည်။

ပြင်ဦးလွင်နှင့် မြင်းခြံမြို့တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးခန်းမြေနေရာအတွက် နေရာချပေးမှု အပေါ် စွဲဆိုထားသော အမှုအတွက်မူ တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူးတစ်ဦးက တရားလိုပြသက်သေ လာရောက်ထွက်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီးမြေစာရင်းဦးစီးမှူးက အမှုအတွက် အစစ်ဆေးခံရာတွင် ၎င်းအနေဖြင့် ပါတီရုံးခန်းနေရာချထားမှု အပေါ် တင်ပြလာခဲ့သောကြောင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ခွင့်ပြုလိုက်ကြောင်း ထွက်ဆိုခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်အပေါ် စွဲဆိုထားသည့်အမှုများအား အပတ်စဉ် တနင်္လာနှင့် သောကြာနေတို့တွင် မန္တလေးတိုင်းဒေသကြီး အိုးဘိုအကျဉ်းထောင် အထူးသီးသန့်တရားရုံးတွင် အပတ်စဉ် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်အနေဖြင့် လက်ရှိတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မစွဲဆိုခံထားရသော အမှု ငါးမှုနှင့် မဲမသမာမှု ပြုလုပ်သည်ဆိုကာ စွဲဆိုထားသော အမှု နှစ်မှု အတွက် တရားရင်ဆိုင်သွားရန်ကျန်ရှိနေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here