လက်ရှိမှာတော့ အနုပညာအသိုင်းအဝိုင်း မှာ အနုပညာနဲ့တွဲ ဖက်ပြီးကိုယ်ပိုင် စီးပွားရေးအလုပ်တွေကိုလည်း လုပ်ဆောင်လာကြတာတွေများစွာ တွေ့လို့နေရပါတယ်။သရုပ်ဆောင်တွေ၊အဆိုတော်တွေ ဆိုရင်လည်း ကိုယ်ပိုင်အမှတ်တံဆိပ် တွေနဲ့ ကုန်ပစ္စည်းတွေကိုထုတ်လုပ်လို့ လာကြပါပြီ။ အဲဒီလိုပဲ သဘင်ပိုင်း မှာလည်း ကိုယ်ပိုင်အမှတ်တံဆိပ်တွေနဲ့ထုတ်လုပ်ရေးတွေ၊ ကုန်ပစ္စည်းတွေကို တည်ထောင်ထား ကြပြီဖြစ်ပါတယ်။ သဘင်မင်းသား ဝင်းနောင်ဆိုရင်လည်း ဖက်ရှင်နဲ့ပတ်သက်လို့ WN အွန်လိုင်း Shopping ကနေလည်း ရောင်းချလျက်ရှိနေပါတယ်။ သူ့ရဲ့ နာမည်ဖြစ်တဲ့ ဝင်းနောင် နာမည်ကို အင်္ဂလိပ်အက္ခရာ WN နဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ရိုက်နှိပ်ပြီး ရောင်းချသွားဖို့လည်းအစီအစဉ်တွေ ဆွဲလို့နေပါတယ်။
လက်ရှိမှာတော့ အွန်လိုင်းရှော့ပင်းအနေနဲ့ပဲစတင် ရောင်းချဖြစ်နေပြီး မကြာခင်မှာတော့ မန္တလေးမှာဆိုင်ဖွင့်လှစ်သွားမှာလည်း ဖြစ်ပါတယ်။ ” ကျွန်တော့်နာမည် WN အမည် နဲ့ ထုတ်လုပ်နိုင်ဖို့လုပ်သွားမယ်။ ကျွန်တော့်အနေနဲ့အမေရိကန်ပစ္စည်း တိုက်ရိုက်တင်ပို့ရောင်းချနိုင်အောင် ကြိုးစားမှာပါ။ ကျွန်တော်အောင်မြင်အောင်လည်း ကြိုးစားမှာပါ။ ရန်ကုန်မှာဆိုင်ဖွင့် နိုင်တဲ့အထိလည်း ကြိုးစားသွားမယ်” လို့ ဝင်းနောင်က ပြောပါတယ်။
ဝင်းနောင်က ဖက်ရှင်အသစ်တွေရောက်ရှိလာတာနဲ့ သူ့ရဲ့ Customer အတွက် အွန်လိုင်းမှာတင်လေ့ရှိပါတယ်။ သူ့အနေနဲ့ လည်း ဝတ်ဆင်ပြလေ့ရှိပြီး ပစ္စည်းအရည်အသွေးနဲ့ပတ်သက်လို့လည်း စိတ်ချယုံကြည်ရအောင်လုပ်ဆောင်လေ့ရှိသူတစ်ဦးပါ။ ဒီလိုပဲ မြို့ရွှေမန်းသား ဖိုးချစ်ကလည်း မြို့ရွှေမန်းသား အမည်နဲ့ထုတ်လုပ်ရေးတစ်ခုကိုလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ရောအရည် အသွေး ကောင်းတဲ့ အနုပညာထုတ်ကုန် တွေကိုထုတ်လုပ်နိုင်ဖို့အတွက်ပါ ရည်ရွယ်တည်ထောင်ထားပါတယ်။ပထမဦးဆုံးအနုပညာထုတ်ကုန်တစ်ခုအဖြစ် သူ့ရဲ့ထုတ်လုပ်ရေးကနေ ချစ်စွမ်းသာရဲ့နှစ်ပါးအခွေကို ထုတ်လုပ်ရိုက်ကူးပေးခဲ့ပါတယ်။
” အထူးသဖြင့်တော့ဒီထုတ်လုပ်ရေးကနေ မက်ဆေ့ခ်ျပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ထုတ်လုပ်ဖို့ရည်ရွယ်တယ်။ နောက်တစ်ခု ကသဘင်နဲ့ပတ်သက်တဲ့အခွေတွေကို ဒိုင်ခံထုတ်ပေးချင်တာ။ နှစ်ပါးသွားတို့၊ပြဇာတ်ခွေတို့ပြီးတော့ သဘင်ကကိုယ့်မိသားစုတွေ ရိုက်ကူးတဲ့ဇာတ်ကားတွေ ရိုက်ကူး ဖြစ်ကြရင် လည်း အပြည့်အဝကူညီပေးချင်တာပါ” လို့ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ ပြောပြပါတယ်။ ဒါ့အပြင် အနုပညာအလုပ်တွေ လုပ်နေရင်းနဲ့ပဲ တစ်ဖက်မှာလည်း အွန်လိုင်း Shopping ကိုလုပ်ဖြစ်နေတာကတော့ သဘင်နဲ့ အငြိမ့်မင်းသမီးဝင်းသပြေထွန်းပဲဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ ဖက်ရှင်နဲ့ပတ် သက်တာတွေကို အွန်လိုင်းမှာ တင်ပြီး သူ့ရဲ့ပရိသတ်တွေအတွက် အဓိကထားရောင်းပေးနေတာပဲဖြစ်ပါတယ်။ အခုခေတ်ကာလမှာတော့ ကိုယ်ဝါသနာပါရာ အနုပညာလည်း လုပ်ရင်း စီးပွားရေးကိုလည်း တီးမိခေါက်မိအောင်လုပ်ထားရင်း ကြိုးစားနေကြတာကလည်း နောင်လူငယ်တွေအတွက်တော့ အတုယူစရာ တွေလို့ ပဲဆိုရတော့မှာပါ။
လင်းအက္ခရာ