နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ၌လာမည့် ၂ ရက်အတွင်း မိုးရွာမည်ဟုမိုးဇလခန့်မှန်း

0
107

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ၌လာမည့် ၂ ရက်အတွင်း မိုးရွာမည်ဟုမိုးဇလခန့်မှန်း

 

 

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မတ် ၁၈ ရက်(ယနေ့)ညနေ ၄ နာရီကထုတ်ပြန်ချက်အရ သိရသည်။

မိုးဇလ၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန်က တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိသည့် အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ အရှေ့-အရှေ့ မြောက်ဘက်သို့ရွေ့လျားပြီး ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဆက် လက်တည်ရှိနေကြောင်း သိရသည်။

ယင်း လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား ကောင်းလာကာ ကနဦးတွင် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင် နီကိုးဘားကျွန်းနှင့်ကိုကိုးကျွန်းတို့အနီးတွင် မတ် ၂၀ ရက်၌ မုန်တိုင်းငယ်(Depression)အဖြစ်၊ မတ် ၂၁ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်အားကောင်းလာနိုင်ကာ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မတ် ၂၂ ရက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ(Bangladesh)နှင့်မြန် မာနိုင်ငံ၊ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။

ထို့ကြောင့် လာမည့် ၂ ရက်အတွင်း နေပြည်တော်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း ၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့ အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် မိုးဇလ၏ မနက်ဖြန်နံနက်ပိုင်းအထိခန့်မှန်း ချက်အရ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ကချင် ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တိမ်အသင့်အ တင့်ဖြစ်ထွန်းကာ တနင်္သာရီတိုင်းတွင် နေရာစိပ်စိပ်၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊က ယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းနှင့် ပြည်နယ်တို့၌ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဟု သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင်လည်း မြစ်ဝကျွန်းပေါ်၊မု တ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ၌ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးဇလမှ သိရသည်။

Source : မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here