ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ဆို

0
145

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ဆို

တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးထောက်ခံခံတဲ့အဖွဲ့တွေက လွဲလို့ NCAလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အမြဲမပြတ်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေဒတွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးကိစ္စနဲ့ စပ်လျဉ်းပြီး ဒီကနေ့မှာပြောကြားလိုက်ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၃ ဇန်နဝါရီ ၄ရက်နေ့မှာ မြန်မာနိုင်ငံအနေနဲ့ တိုင်းရင်းသားအားလုံးစုစည်းကြိုးပမ်းမှုကြောင့် ရရှိလာတဲ့ လွတ်လပ်ရေးဟာ (၇၅)နှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလမှာ တိုင်းပြည်လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ရေးနဲ့ နိုင်ငံသာယာဝပြောရေးတို့အတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းပြောဆိုပါတယ်။

တပ်မတော်အနေနဲ့ ၂၀၁၈ခုနှစ်၊ဒီဇင်ဘာ၂၁ရက်ကစပြီး ၂၀၂၂ခုနှစ်နှစ်ကုန်ပိုင်းအထိ ၄နှစ်ကျော်ကာလ တစ်ဖက်သတ် ပစ်ခတ်မှုတွေကို ရပ်စဲထားတာရှိပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ပတ်သတ်ပြီးတော့လည်း ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းချက်တွေနဲ့အတူ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCAသဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသွားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူတွေရဲကဘဝလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ထောက်ခံပံ့ပိုးပေးနေတဲ့ အဖွဲ့တွေကိုတော့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ နှိမ်နင်းဆောင်ရွက်သွားမယ်လို့ပါ ထည့်သွင်းပြောကြားခဲ့တာရှိပါတယ်။

“ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ တပ်မတော်တွေဟာလည်း ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာမရှိကြောင်း အသိပေးလိုပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း အကြမ်းဖက်လုပ်ရပ်တွေ၊အကြမ်းဖက်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့တာတွေ မလုပ်ဖို့နဲ့ ဥပဒေဘောင်အတွင်းမှာနေထိုင်ဖို့ ဒီနေရာကနေ တိုက်တွန်းလိုတယ်”လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here