စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ပိုင် ရဟတ်ယာဉ်တစ်စင်း မတော်တဆဖြစ်ပွားကာ ပြုတ်ကျ

0
259

စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ပိုင် ရဟတ်ယာဉ်တစ်စင်း မတော်တဆဖြစ်ပွားကာ ပြုတ်ကျ

ချင်းပြည်နယ်၊ ဟားခါးမြို့ လေယာဉ်ကွင်းသို့ စာမေးပွဲမေးခွန်းများသယ်ဆောင်လာသည့် တပ်မတော် ပိုင်ရဟတ်ယာဉ်တစ်စင်းမတော်တဆ ပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီး၊ စစ်သည် ၂ ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်း ၃ ဦးဒဏ်ရာရရှိခဲ့ကာ မစိုးရိမ်ရကြောင်းသိရသည်။

ယနေ့ မတ်လ ၂၉ ရက် နံနက် ၉နာရီ မိနစ် ၂၀ ဝန်းကျင်အချိန်တွင် ကလေးမြို့ဘက်မှ စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသော တပ်မတော်ရဟတ်ယာဉ်မှာ ဟားခါးလေယာဉ်ကွင်းသို့အဆင်းတွင် မတော်တဆ မှုဖြစ်ပွားကာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်မှာ စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် ရဟတ်ယာဉ်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာဖြစ်နေခြင်းကြောင့် တပ်မတော်က ရဟတ်ယာဉ်သုံးပြီး ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းနှင့် ယင်းရဟတ်ယာဉ်မှာ ကလေးမြို့မှထွက်ခွာလာပြီးနောက် ဟားခါးလေယာဉ်ကွင်းအရောက် တောင်ပေါ်ဖြစ်သည့်အတွက် အောက်မှလေပင့်အားကြောင့် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယင်းမတော်တဆ ပြုတ်ကျမှုကြောင့် ရဟတ်ယာဉ်ကွင်းနှင့် မီတာ ၁၀၀ အကွာရှိ တောင်စောင်းပေါ်သို့ ပြုတ်ကျပြီး၊ ရဟတ်ယာဉ် အမြီးကျိုးသွားကြောင်း သိရသည်။

ယင်း မတော်တဆပြုတ်ကျမှု ဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်အပေါ်တွင် ပါလာသည့် စာမေးပွဲမေးခွန်းများ ပျက်ဆီးခြင်းမရှိကြောင်းနှင့် ရဟတ်ယာဉ်အား ကရိန်းဖြင့် ပြန်လည် ဆွဲယူနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here