PDF ကို ငွေထောက်ပံ့သည့် အမှုဖြင့် သံတွဲမှ အမျိုးသမီး ၃ ဦး ထောင် ၁၀ နှစ်စီချမှတ်ခံရ

0
217

PDF ကို ငွေထောက်ပံ့သည့် အမှုဖြင့် သံတွဲမှ အမျိုးသမီး ၃ ဦး ထောင် ၁၀ နှစ်စီချမှတ်ခံရ

ရခိုင်ပြည်နယ်၊ သံတွဲမြိုမှ အမျိုးသမီး ၃ ဦးကို PDF အတွက် ငွေထောက်ပံ့သည်ဆိုသော အမှုအတွက် ယနေ့ မတ်လ ၃၁ ရက်တွင် ထောင် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း သံတွဲခရိုင်တရားရုံးက သိရသည်။

အဆိုပါ အမျိုးသမီး ၃ ဦးမှာ အသက် ၄ဝ နှစ်ခန့် အရွယ် ဒေါ်စန်းချိုသိုက် ၊ အသက် ၃၅ နှစ် အရွယ်ဒေါ်ငြိမ်းအိဖြိုးကျော် နှင့် အသက် ၂၈ နှစ်အရွယ် ဒေါ်တင်စန္ဒာဝင်း တို့ ဖြစ်ပြီး ၃ ဦးစလုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသော သံတွဲမြို့နယ်တွင်နေထိုင်သူများ ဖြစ်ကြောင်း သိရသည်

“သူတို့ကို ဒီနေ့ သံတွဲခရိုင်တရားရုံးက တစ်ယောက် စီ ထောင်၁ဝ နှစ်စီချတယ်။ ချုပ်ရက် ခံစားပေါ့။ အယူခံ တက်လို့ ရတယ်။သူတို့ က တော့ အယူခံ တက်မယ် မတက်ဘူး ဆိုတာ မပြောသေးဘူး”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယင်းတို့ကို သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုပြုလုပ်၍ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် သံတွဲခရိုင်တရားရုံး၌ ပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၁၀ ဦးထက်မနည်းရှိနိုင်ကြောင်း၊ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို PDF ငွေထောက်ပံ့သည်ဟုဆိုကာ မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here