အာရှလမ်းမကြီးတွင် ကုန်တင်မှန်လုံကားလေးဘရိတ်ပေါက်၍ တစ်ဖက်မှကားအားဝင်တိုက် တစ်ဦးဒဏ်ရာရ

0
139

အာရှလမ်းမကြီးတွင် ကုန်တင်မှန်လုံကားလေးဘရိတ်ပေါက်၍ တစ်ဖက်မှကားအားဝင်တိုက် တစ်ဦးဒဏ်ရာရ

ကရင်ပြည်နယ်ရှိ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်တွင် ဧပြီ ၁ ရက်နေ့လည်ပိုင်းက ကုန်တင်လာသည့် မှန်လုံကားငယ်မှဘရိတ်ပေါက်ကာ တစ်ဖက်ယာဥ်ကြောမှကားအားဝင်တိုက်မိခဲ့၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှသိရသည်။

မြဝတီမြို့မှ ကုန်ပစ္စည်းများတင်ဆောင်မောင်းနှင်လာသည့် မှန်လုံကားငယ်နှင့်မြဝတီမြို့ဘက်သို့မောင်းနှင်လာသည့်ကားတို့ နေ့လည် ၁ နာရီခွဲခန့်က မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာ အာရှလမ်းမကြီး၏ တတန်ကူးဘုရားအတက်ကွေ့တွင် ကုန်တင်မှန်လုံကားငယ်မှ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောရှိ VOXY ကားအားဝင်တိုက်မိခဲ့ခြင်းဖြစ် သည်။

ထိုသို့ ဝင်တိုက်မိပြီးနောက် ကုန်တင်မှန်လုံကားငယ်မှာ လမ်းဘေးရှိမြောင်းအတွင်းသို့ ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရသည်။

“ဘရိတ်ပေါက်ပြီး တစ်ဖက်ယာဥ်ကြောကကားကိုဝင်တိုက်မိတာ နောက်ပြီး ကားကလိမ့်သွားပြီးမြောင်းထဲကိုရောက်သွားတာပါ မှန်လုံကားပေါ်မှာက ကုန်ပစ္စည်းတွေပါလာတယ်”ဟုပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် VOXY ကားပေါ်၌ လိုက်ပါလာသည့် အမျိုးသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှလူနာတင် ကားဖြင့် ဘားအံမြို့ပြည်သူ့ဆေးရုံသို့ဆေးကုသရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့လူက ခါးထိသွားတယ်နဲ့တူတယ် လူ နာတင်စင်ပေါ်ကိုတင်တာနဲ့လူနာတင်ကားပေါ်မှာအိပ်ချလို့မရပဲ ထိုင်ပြီးလိုက်လာရတာ အဲဒါနဲ့ကျွန် တော်တို့လည်း ချက်ခြင်းဘားအံဆေးရုံကိုပို့ပေး လိုက်ပါတယ်”ဟုပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Photo-ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here