ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လိုကြောင်း ကမ်းလှမ်း

0
64

ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လိုကြောင်း ကမ်းလှမ်း

ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လိုကြောင်း ကမ်းလှမ်း ထားသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ပြုလုပ်ခဲ့သော့ ဥရောပအာရှ စီးပွားရေးကော်မရှင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ဆွေးနွေးကြစဉ် အထက်ပါအတိုင်း ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်း အတွင်းဝန်က ပြောသည်။

“ဥရောပအာရှစီးပွားရေးသမဂ္ဂ က မြန်မာနိုင်ငံကိုလာတဲ့အခါ ဌာနဆိုင်ရာ အားလုံးနဲ့ တွေ့ပါတယ်။ကဏ္ဍအလိုက်ပေါ့ ဆွေးနွေးတာကတော့လေ။ကျွန်တော်တို့ ဌာနနဲ့ကတော့ ခရီးသွား ကိစ္စ ကိုဆွေးနွေးပါတယ်။သူတို့က မြန်မာနိုင်ငံရဲ့ လည်ပတ်စရာ နေရာတွေ အလှအပတွေကို သိထားကြတယ်။သူတို့က အခု မြန်မာနိုင်ငံကို လာလည်မယ်လို့ ပြောခဲ့တယ်။ကျွန်တော်တို့ဘက်ကတော့ တိုက်ရိုက် လေကြောင်းလိုင်းမရှိသေးတာကြောင့် စင်းလုံးငှား လေယာဉ်နဲ့ အဆင်ပြေတဲ့ အကြောင်း ပြောပြလိုက်တယ်။သူတို့က မြန်မာနိုင်ငံမှာ ကမ်းခြေဒေသတွေကို ပိုနှစ်သက်တယ်လို့ ပြောပါတယ်”ဟု ယင်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကူးစက်မှုများ လျော့ကျလာသောကြောင့် လွန်ခဲ့သော ၂၀၂၀ ပြည့်နှစ် မတ်လကပင် ရပ်ဆိုင်းထားရသော နိုင်ငံတကာလေကြောင်းလိုင်းများကို မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဖြစ်သည့် ဧပြီလ ၁၇ ရက် တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စသည်ဖြင့် ဌာနပေါင်းစုံဖြင့် ခရီးသွားလုပ်ငန်းအတွက် ပူးပေါင်းရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ယခင်က မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ ဝင်ရောက်မှုမှာ တစ်နှစ်လျှင် လူဦးရေ ငါးထောင်ခန့်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here