PPST ၏ ညီလာခံတွင် အတည်ပြုထားသည့် နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာအတည်ပြုချက်များကို နိုင်ငံရေးအင်အားစုအားလုံး တင်ပြသွားမည်ဟု ရဲဘော်မျိုးဝင်း ပြောကြား

0
248

PPST ၏ ညီလာခံတွင် အတည်ပြုထားသည့် နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာအတည်ပြုချက်များကို နိုင်ငံရေးအင်အားစုအားလုံး တင်ပြသွားမည်ဟု ရဲဘော်မျိုးဝင်း ပြောကြား

PPST ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးညီလာခံတွင် အတည်ပြုနိုင်ခဲ့သည့် နိုင်ငံရေးလမ်းပြမြေပုံဆိုင် အချက်များအား နိုင်ငံအင်အားစုများအားလုံးတင်ပြသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ဝင် ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ယမန်နေ့ ဧပြီ ၄ရက်က PPST အဖွဲကဝင်များဖြစ်ကြသော မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်မျိုးဝင်းနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒေါ်စောမြရာဇာလင်း တို့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ရဲဘော်မျိုးဝင်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ညီလာခံတွင် အတည်ပြုနိုင်ခဲ့သော နိုင်ငံရေးလမ်းပြမြေပုံအတည်ပြုချက် ရနှစ်ချက်ကို တပ်မတော်၊ နိုင်ငံရေးပါတီများ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်၊ အာဆီယံ၊ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG)၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် ပါဝင်သင့် ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများအားလုံးကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ အားလုံကို ကျွန်တော်တို့ရဲက အဆိုပြုချက် တွေကို တင်ပြမှာဖြစ်တယ်။ အားလုံးဆွေးနွေးခွင့်ရှိတယ်။ အားလုံးညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးဖို့ လိုအပ်တယ်။” ဟု ရဲဘော်မျိုးဝင်းက ဆိုသည်။

PPST အနေဖြင့် အဓိက ရည်မှန်းချက်ဖြစ်သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မမှိတ်မသုန်သွားရန်ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်ထားပြီးဖြစ်ကြောင်းနှင့် PPST အနေဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးလည်း အတွက်လည်း မမှိတ်မသုန်ကြိုးစားဆောင်ရွက်သွားမည့် သံဓိဋ္ဌာန် ချမှတ်ပြီးဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် PPST သည် တတိယအင်အားစုမဟုတ်ကြောင်း၊ နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေး လုပ်ငန်းစဉ်အပေါ် ရပ်တည်နေသည့် အစုအဖွဲ့တစ်ခုဖြစ်ကြောင်းနှင့် လက်ရှိအချိန်အထိ နိုင်ငံရေးပြဿနာများကို ချမှတ်ထားသည့် ရည်မှန်းချက် မူဝါဒများဖြစ်သာ ဖြေရှင်းလျှက်ရှိကြောင်း ရဲဘော်မျိုးဝင်းက အထူးအသိပေးချက်အဖြစ် ပြောဆိုသည်။

လက်ရှိတွင် PPST၏ စုဖွဲ့မှု အသစ်အား NCAလက်မှတ်ရေးထိုးထားသော တိုင်ရင်းသားလက်နက်ကိုင် တစ်ဖွဲ့စီမှ တာဝန်ပေးအပ်ခြင်းခံရသော ကိုယ်စားလှယ် နှစ်ဦးစီဖြင့် ဖွဲ့စည်းထားပြီး၊ ဦးဆောင်ကော်မတီတွင် အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေး၊ အဖွဲ့ဝင်များအဖြစ် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ခိုင်စိုးနိုင်အောင်၊ ငြိမ်းချမ်းရေးကောင်စီမှ ဒေါက်တာနော်ကပေါ်ထူးနှင့် ညှိနှိုင်းရေးမှူးအဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်မျိုးဝင်းတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here