ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ အောင်မြင်နေကြသူ ဂီတသမားများ

0
106

musict

ဒီဘက်ခေတ်နောက်ပိုင်းကတော့ အနုပညာရှင်တော်တော်များများက သူတို့ရဲ့ကိုယ်ပိုင်ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို ပရိသတ်နဲ့မိတ်ဆက်လာကြပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလေးတွေ လုပ်ကိုင်လာကြတာတွေ့ရပါတယ်။ အထူးသဖြင့် ဂီတနယ်ပယ် ဘက်က အနုပညာရှင်တွေလုပ်ကိုင်တဲ့ စီးပွား ရေးလုပ်ငန်းလေးတွေအကြောင်းပြောချင်ပါတယ်။ ဆိုလိုတာက သူတို့တွေ အနုပညာနယ်ပယ်မှာလည်း အောင်မြင်သလို တစ်ဖက်က Business နယ်ပယ်မှာလည်း သူ့ အတိုင်းအတာနဲ့သူ အောင်မြင်ကြတာကို ဆိုလိုခြင်းပါ။

သိပ်မကြာသေးခင် လွန်ခဲ့တဲ့ အောက်တိုဘာလကပဲ Hot ဖြစ်သွားခဲ့တဲ့ အဆိုတော်နှစ်ဦး ရှိပါတယ်။ သူတို့တွေကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ နီနီခင်ဇော်ပါ။ ဘာကြောင့် Hot ဖြစ်လဲဆိုတော့ သူတို့နှစ်ယောက်စလုံးထုတ်တဲ့ Hot တွေက နှုတ်ခမ်းနီတောင့် တွေဖြစ်နေလို့ပါပဲ။ နာမည်ကြီး အဆိုတော်နှစ် ယောက်ရဲ့ SAI နှုတ်ခမ်းနီတောင့်နဲ့ Super Red နှုတ်ခမ်းနီတောင့်တို့ကတော့ လက်ရှိ ဈေးကွက်ထဲမှာ သူ့ပရိသတ်နဲ့သူ နေရာယူလို့နေပါတယ်။ ပထမဦးဆုံး စီးပွားရေးလုပ်ငန်းတွေဖြစ်ပေမယ့် သူတို့ဘာကြောင့် အောင်မြင်ကြသလဲဆိုရင် အနုပညာရှင်ဖြစ်နေတဲ့အတွက်ရော၊ လုပ်ငန်းအတွက် ကြိုတင်စီစဉ်ပြီး Quality ပိုင်းကို အလေးထားကြခြင်းတွေကြောင့်ပဲလို့ မှတ်ချက်ပြုရမှာပါ။

ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ပတ်သက်လို့ နောက်ထပ်အောင်မြင်နေတဲ့ အဆိုတော်နှစ်ယောက်လည်းရှိပါ သေးတယ်။ သူတို့တွေကတော့ ဟစ်ဟော့ပ်အဆိုတော်တွေဖြစ်ကြတဲ့ Snare အဖွဲ့က နေဝင်းနဲ့ဖြိုးလေးတို့ ပါ။ ဖက်ရှင်နဲ့ပတ်သက်လို့ ဟစ်ဟော့ပ်အဆိုတော် SZ က Run YGN နဲ့ အောင်မြင်ပြီးနောက်ပိုင်း ဖက်ရှင်ဆိုင်ကိုယ်စီဖွင့်လှစ်လာကြတဲ့ နေဝင်းနဲ့ဖြိုးလေးတို့ ဘယ်လောက် ထိအောင်မြင်သလဲဆိုရင် နေဝင်းရဲ့ OMG Fashion က ရန်ကုန်မှာ ၂ဆိုင်၊ မန္တလေးမှာ ၁ဆိုင်နဲ့ ဖြိုးလေးက ရန်ကုန်မှာ ၃ဆိုင်၊ မန္တလေးမှာ ၁ဆိုင် ဖွင့်လှစ် ထားနိုင်တာကိုပဲ ကြည့်ကြပါတော့။

” ကျွန်တော့်သူငယ်ချင်းလည်း ဆိုင်ဖွင့်တယ်။ ကျွန်တော်လည်းဆိုင် ဖွင့်တယ်ပေါ့နော်။ ကျွန်တော်တို့ Snare အဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင်
ကျွန်တော်တို့နှစ်ယောက်စလုံး အောင်မြင်တယ်လို့ပဲပြောရမှာပေါ့ ခင်ဗျ။ ဘာပဲပြောပြော ကျွန်တော်တို့ Snare အဖွဲ့ကလုပ်တဲ့အရာတွေ အောင်မြင်တယ်ဆိုတော့ ကျွန်တော် တို့သူငယ်ချင်းနှစ်ယောက်စလုံးလည်း အဆင်ပြေပါတယ်။ နှစ်ယောက်စလုံးရဲ့ဆိုင်ကပေါက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံးရော၊ Snare ရော နာမည်ကြီးပါတယ်။ အားလုံးကောင်းပါတယ်” လို့ နေဝင်းကပြောပါတယ်။ နေဝင်းရဲ့ OMG Fashion ကိုသူဘယ်လိုပုံဖော် ဖြစ်လဲဆိုတော့ ….

” ကျွန်တော်တို့လို သီချင်းလုပ်တဲ့ လူတွေအနေနဲ့ လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါအချိန်တော့အနည်းငယ်ပေးရပါတယ်။ ဒါပေမဲ့ ဖက်ရှင်နဲ့မြူးဇစ် ဆိုတာကလည်း တွဲလျက်ဖြစ်နေတဲ့အရာတစ်ခုလို့ပြောလို့ရပါတယ်။ အဲဒီအတွက်အချိန်တော့ ပေးရပေမယ့် ကျွန်တော့်အတွက်အနှောင့် အယှက်တော့မဖြစ်ပါဘူး။ သီချင်းလေးလုပ်လိုက်၊ အင်္ကျီဒီဇိုင်းလေးလုပ်လိုက်နဲ့အဆင်တော့ပြေပါတယ်” လို့ဆိုပါတယ်။

ဖြိုးလေးရဲ့ Genius ဖက်ရှင်ဆိုင်ပေါက်ချက်ကတော့ စထုတ်တဲ့ Gold Culture Brand အမှတ်တံဆိပ်ကနေ အခု နောက်ဆုံးထွက်တဲ့ The King ရှူးဖိနပ်တွေ အထိပါပဲ။ ရန်ကုန်၊ မန္တလေးဆိုင် လေးဆိုင်ပိုင်ရှင် ဖြိုးလေးက သူ့ပရိသတ်တွေအတွက် သူ့ Brand Quality ကိုဘယ်လိုထိန်းပြီး သူဘယ်လိုဖြန့်နေလဲဆိုတာက..

” ဂရုတော့စိုက်ရတယ်။ ဈေးတွေလည်း Adjust လုပ်ရပါတယ်။ ကျွန်တော်တို့လည်းဖြစ်နိုင်တဲ့ဈေးနဲ့ သင့်တင့်တဲ့ဈေးနဲ့ရောင်းချပါတယ်။
အဝတ်အစားဆိုတာကလည်း အော်ဒါလုပ်ရင်အများကြီးလုပ်ရတာကိုး။ တစ်ထည်၊ နှစ်ထည်ရောင်းရရုံနဲ့ အရင်းမရနိုင်ဘူးပေါ့။ အဲဒီတော့ ပ ရိသတ်ဝယ်နိုင်မယ့်ဈေးလေးတွေကိုချိန်ပြီးတော့ လုပ်ရတာပေါ့။ တချို့ဟာတွေဆိုလို့ရှိရင် ပိုက်ဆံ ငွေရေး၊ကြေးရေးဆိုတာထက်ကို ဈေးသက်သက်သာသာနဲ့ ရောင်းချင် တဲ့ အတွက် အဆင်ပြေတဲ့ ဈေးနှုန်းလေးညှိပြီးရောင်းပါတယ်” လို့ သူက ပြောပါတယ်။ မိမိကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ကိုယ်ပိုင် Business လုပ် ငန်းလေးတွေလုပ်တဲ့ အဆိုတော်တွေထဲမှာဆိုရင် ဘန်နီဖြိုးရဲ့ Karrot ဖက်ရှင်နဲ့ မိစန္ဒီရဲ့ My Boo ဖက်ရှင်တို့ကလည်း သူ့ပရိသတ်တွေနဲ့သူ လည်ပတ်လို့နေပါတယ်။

ဘယ်အနုပညာရှင်က ဘာအမှတ်တံဆိပ်ပဲထုတ်ထုတ် အဓိကကတော့ အနုပညာရှင်ဖြစ်နေတဲ့အတွက် ပရိသတ်ကတော့ သူတို့ ကိုချစ်ခင်တဲ့စိတ်နဲ့ အားပေးကြမှာပါ။ အဲဒီအပေါ်မှာ ပရိသတ်ကို စေတနာ ထားနိုင်မယ်၊ မိမိရဲ့ကုန်ပစ္စည်း အမှတ်တံဆိပ်အပေါ်မှာ Quality ကိုထိန်းသိမ်းနိုင်ကြမယ်၊ သင့်တင့် လျောက်ပတ်တဲ့ဈေးနှုန်းရှိမယ်ဆိုရင် အဲဒီအနုပညာရှင်ထုတ်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ စီးပွားရေး လုပ်ငန်းဟာ အောင်မြင်မယ်ဆိုတာ လက်ရှိလုပ်ကိုင်နေတဲ့ အနုပညာရှင် တွေကသက်သေခံလို့နေပါတော့တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here