မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဧပြီ၂၂ရက်တွင် ထပ်မံကျင်းမည်

0
444

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဧပြီ၂၂ရက်တွင် ထပ်မံကျင်းမည်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ကြီးကြပ်မှု ဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီလ (၂၂)ရက်မှ (၂၈)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဟုသိရသည်။

နစကလက်ထက် ဒုတိယအကြိမ်မြောက် ပြုလုပ်ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲ ဖြစ်ကာ အဆိုပါ ရတနာပြပွဲတွင် မြန်မာနိုင်ငံအတွင်းမှထွက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများကို တင်ပြရောင်းချသွားမည်ဟု မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ယနေ့ ဧပြီ၆ရက်တွင် အသိပေးကြေညာသည်။

ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များ နှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ၂၂ရက်အထိ ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသရောင်းချပွဲအား နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သေးပြီး အဆိုပါ၆ရက်ကြာကျင်းပသည့် ပြပွဲအတွင်း ပုလဲအတွဲ ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ၇၈၀ ကို ပြသရောင်းချပေးခဲ့ရာ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များသည် ပြသထားသည့် ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများကို လွတ်လပ်စွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ပေါင်း ၆၂၂ တွဲကို ရောင်းချပေးနိုင်ခဲ့ကြောင်း ပြပွဲဗဟို ကော်မတီက ကြေညာမှုရှိထားသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပလာခဲ့ရာ နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၆ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here