တောင်ကြီးမြို့နေ သတင်းထောက်ဟောင်းတစ်ဦး ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခံရ

0
80

တောင်ကြီးမြို့နေ သတင်းထောက်ဟောင်းတစ်ဦး ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခံရ

ရှမ်းပြည်(တောင်ပိုင်း)၊တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်နေ သတင်းထောက်ဟောင်းတစ်ဦးဖြစ်သည့် ကိုခိုင်မြင့်ထွန်းအား ဧပြီ ၅ ရက်က ညောင်ရွှေမြို့၊တောင်သုံးလုံးအကျဥ်းထောင်တွင်းအထူးတရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

ကိုခိုင်မြင့်ထွန်းအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် တောင်သုံးလုံးအကျဥ်းထောင်၌ ထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၁(ဂ)ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသဖြင့် တောင်သုံးလုံးအကျဥ်းထောင်တွင်း အထူးတရားရုံး၌ တရားရင်ဆိုင်ခဲ့ပြီးနောက် ၉ လခန့်အကြာတွင် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကိုခိုင်မြင့်ထွန်းဟာ တရားစွဲဆိုခံထားရတဲ့အမှုအတွက် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ် သူက သတင်းထောက်ဟောင်းတစ်ယောက်လည်းဖြစ်သလို ကဗျာဝါသနာရှင်တစ်ယောက်လည်းဖြစ်ပါတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

ကိုခိုင်မြင့်ထွန်းအား ချမှတ်ခဲ့သည့် ထောင်ဒဏ် ၁၀ နှစ်သည် အမြင့်ဆုံးထောင်ဒဏ်ဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here