နိုင်ငံခြားသုံးငွေနှင့်ပတ်သတ်သည့် ထုတ်ပြန်ချက် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနများ ၏ စာရင်းများ အကျုံးဝင်ပါဝင်ခြင်းမရှိဟု ဗဟိုဘဏ် စာထုတ်ကြေညာ

0
197

နိုင်ငံခြားသုံးငွေနှင့်ပတ်သတ်သည့် ထုတ်ပြန်ချက် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနများ ၏ စာရင်းများ အကျုံးဝင်ပါဝင်ခြင်းမရှိဟု ဗဟိုဘဏ် စာထုတ်ကြေညာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့် ဝင်ရောက်ငွေများနှင့် ပြည်ပသို့ နိုင်ငံခြားသုံးငွေများ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်တွင်း၌ နေထိုင်သူများ၏ နိုင်ငံခြားငွေ စာရင်းများရှိ နိုင်ငံခြားငွေများနှင့် စပ်လျဉ်း၍လည်းကောင်း ဆောင်ရွက်ရမည့်အချက်များကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ညွှန်ကြားထားရာ အဆိုပါ ထုတ်ပြန်မှုသည် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနများ ၏ စာရင်းများ အကျုံးဝင်ပါဝင်ခြင်းမရှိဟု ဗဟိုဘဏ်က ဧပြီ၅ရက်တွင် ထပ်ဆင့် စာထုတ်ကြေညာသည်။

ယင်းအပြင် ပြည်ပသို့ နိုင်ငံခြားသုံးငွေများလွှဲပြောင်းရန်အတွက် ကော်မတီမှ ခွင့်ပြုချက်ရရှိပါက AD လိုင်စင်ရဘဏ်များအနေဖြင့် လွှဲပြောင်းခွင့်ရရှိသူသို့ နိုင်ငံခြားငွေ ရောင်းချပေးရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးရန်နှင့် ဝန်ဆောင်စရိတ်အဖြစ် တစ်ဒေါ်လာလျှင် (၃) ကျပ် ကောက်ခံရန်ပါ စာထုတ်ခဲ့သည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ထားမှုအရ ပြည်တွင်း၌ နေထိုင်သူများ၏ နိုင်ငံခြားငွေစာရင်း သို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် အလုပ်လုပ်ရက်တစ်ရက် အတွင်း ပို့ကုန်ရငွေများဖြစ်ပါက နိုင်ငံခြားငွေ ဝင်ရောက်သည့်ရက်တွင် သက်ဆိုင်ရာ ကုမ္ပဏီ၏ စာရင်းသို့ လွှဲပြောင်းထည့်သွင်းရန်၊ AD လိုင်စင်ရဘဏ်က ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူပြီး ကျပ်ငွေစာရင်းသို့ ထည့်သွင်းရန်၊ ဝန်ဆောင်မှုအပါအဝင် အခြားရငွေများဖြစ်ပါက နိုင်ငံခြားငွေဝင်ရောက်သည့်ရက်တွင် သက်ဆိုင်ရာ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၏ နိုင်ငံခြားငွေစာရင်းသို့ လွှဲပြောင်းထည့်သွင်းရန်၊ AD လိုင်စင်ရဘဏ်က ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူ ပြီး ကျပ်ငွေစာရင်းသို့ ထည့်သွင်းရန်၊ ရင်းနှီးမြှုပ်နှံမှုအတွက်ဝင်ရောက်ငွေဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ချွင်းချက်ပြုထားသည့် နိုင်ငံခြားငွေမှအပ ကျန်ဝင်ရောက်ငွေများကို ဝင်ရောက်သည့်ရက်တွင် သက်ဆိုင်ရာ ကုမ္ပဏီ၏ စာရင်းသို့ လွှဲပြောင်းထည့်သွင်းရန်၊ AD လိုင်စင်ရဘဏ်က ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူပြီး ကျပ်ငွေစာရင်းသို့ ထည့်သွင်းရန်၊ ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေဝင်ရောက်ခြင်းဖြစ်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉-က နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၄၈ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ခွင့်ပြုချက်ရယူထားခြင်း ရှိ၊မရှိ စိစစ်ရန်နှင့် ရယူ ထားပြီးဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ချွင်းချက်ပြုထားသည့် နိုင်ငံခြားငွေမှအပ ကျန်ဝင်ရောက်ငွေများကို ဝင်ရောက်သည့်ရက်တွင် သက်ဆိုင်ရာ ကုမ္ပဏီ၏စာရင်း သို့ လွှဲပြောင်းထည့်သွင်းရန်၊ လွှဲပြောင်းထည့်သွင်းပြီးသည့်နေ့တွင် AD လိုင်စင်ရ ဘဏ်က ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူပြီး ကျပ်ငွေ စာရင်းသို့ ထည့်သွင်းရန်၊ တစ်ဖက်သတ်လွှဲပြောင်းမှုများဖြစ်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၅၄ နှင့် ၅၅ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရယူထားခြင်း ရှိ၊မရှိ စိစစ်ရန်နှင့် ရယူထားပြီးဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီ၏ စာရင်းသို့ လွှဲပြောင်း ထည့်သွင်းရန်၊ လွှဲပြောင်းထည့်သွင်းပြီးသည့်နေ့တွင် AD လိုင်စင်ရဘဏ်က ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူပြီး ကျပ်ငွေစာရင်းသို့ ထည့်သွင်းရန် စသည်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

ယင်းအပြင် ပြည်တွင်း၌ နေထိုင်သူက ပြည်ပသို့ နိုင်ငံခြားသုံးငွေများလွှဲပြောင်းခြင်းကို အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၂ အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်သည်။

သွင်းကုန်အတွက် ပေးချေခြင်း (ကြိုတင်ငွေပေးချေမှုများအပါအဝင်) ၊ ဝန်ဆောင်မှုနှင့် အခြားစရိတ်များအတွက် ပေးချေခြင်း၊ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအတွက် အမြတ်ဝေစုပေးပို့ခြင်းရင်းနှီးငွေ ပြန်လည်ပေးပို့ခြင်း၊ ပြည်ပတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် လွှဲပြောင်းခြင်း ၊ ပြည်ပမှ ရယူထားသော ချေးငွေနှင့် အတိုးများကို ပြန်လည်ပေးဆပ်ခြင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၂၇ တွင် သတ်မှတ်ထားသည့် အသုံးစရိတ် များ လွှဲပို့ခြင်း အစရှိသည့် မည်သည့် ငွေလွှဲပြောင်းပေးပို့ခြင်းကိုမဆို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့အရ စိစစ်ပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြဆောင်ရွက်ကြရမည်လည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here