လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
117

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ညင်းမော်ကျေးရွာ၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဇော်နိုင်ဦး သည် ဧပြီ ၇ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ရပ်ကျေးအဖွဲ့ဝင်ဦးဇော်နိုင်ဦး(၅၈)နှစ်ခန့်သည် နံနက် ၆ နာရီခွဲခန့်က ၎င်း၏ဇနီးဖြစ်သူအား ကျေးရွာအတွင်းရှိ စျေးသို့လာပို့စဥ် အမည်မသိအမျိုးသားအချို့ရောက်ရှိလာကာသေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့အမျိုးသမီးကိုစျေးလာပို့တဲ့အချိန်ပစ်ခံရတာ စျေးထဲမှာပဲ သူကရွာအုပ်ချုပ်ရေးမှူးထက်တောင် လုံခြုံရေးအဖွဲ့တွေနဲ့ရင်းနှီးတယ် နောက်ပြီးသူကရွာရဲ့အရံမီးသတ်အဖွဲ့ခေါင်းဆောင်တစ်ယောက်ပါ”ဟုညင်းမော်ကျေးရွာနေသူတစ်ဦးကပြောသည်။

ရပ်ကျေးအဖွဲ့ဝင်ဦးဇော်နိုင်ဦးသည် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသဖြင့် လည်ပင်းနှင့်ရင်ဘတ်တို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပစ်ခံရတဲ့နေရာနားကစျေးသည်တွေဆိုဖြစ်ဖြစ်ချင်းကြောက်လို့ထွက်ပြေးကြတယ် တစ်ချို့ဆိုရင်ဆက်မရောင်းတော့ဘဲ ဆိုင်ပါသိမ်းပြီးပြန်သွားကြတာ စျေးရောင်းတဲ့အမျိုးသမီး ၂ ယောက်လည်းကျည်ထိတယ်ကြားတယ် သူတို့ ၂ ယောက်ကိုဆေးရုံပို့လိုက်ပြီတဲ့ စိုးရိမ်စရာတော့မရှိဘူးလို့ကြားတယ်”ဟုကျေးရွာနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်နေရာအနီးမှ ကျည်ခွံအချို့အား လုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here