ချမ်းအေးသာစံမြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသော လက်လုပ်မိုင်းတစ်လုံး ရှာဖွေတွေ့ရှိ

0
112

ချမ်းအေးသာစံမြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသော လက်လုပ်မိုင်းတစ်လုံး ရှာဖွေတွေ့ရှိ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊၆၂လမ်း၊၂၉လမ်းနှင့်၃၀လမ်းကြား၊လယ်ကိုင်းတိုက် ဓမ္မဓရ သာသန္တရကောလိပ် ကျောင်းရှေ့ လမ်းလယ်ကျွန်းပေါ်ရှိ ပန်းခုံအတွင်းထောင်ထားသော လက်လုပ်မိုင်းပေါက်ကွဲမှုတစ်ခု ဧပြီ၁၁ရက်နေ့ နံနက် ၈နာရီခွဲခန့်ကဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး အမျိုးသမီးခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးတွင် မပေါက်ကွဲသေးသော လက်လုပ်မိုင်းတစ်လုံး ရှာဖွေတွေ့ရှိခဲ့ပြီး သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

“၆၂လမ်းရဲ့လမ်းလယ်ကျွန်းမှာ ထောင်သွားတဲ့လက်လုပ်မိုင်းကပေါက်ကွဲသွားတာပါ။ပေါက်ကွဲမှုဖြစ်တဲ့အချိန် လမ်းပေါ်မောင်းနေတဲ့ကားတစ်စီး မိုင်းထိခဲ့ပြီး ကားပေါ်လိုက်ပါလာတဲ့ ပြည်သူ၈ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။၅ယောက်ကတော့ ဒဏ်ရာပြင်းပါတယ်။အားလုံးကိုတော့ဆေးရုံပို့ထားပြီးပါပြီ´´ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ၁၁ရက်နေ့နံနက်၈နာရီ၃၅မိနစ်အချိန်က ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၂လမ်း၊၂၉လမ်းနှင့်လမ်း၃၀ကြား၊ လယ်ကိုင်းတိုက် ဓမ္မဓရ သာသန္တရကောလိပ် ကျောင်းရှေ့ လမ်းလယ်ကျွန်းပေါ်ရှိ ပန်းခုံအတွင်း ထည့်၍ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၆၂ လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY….. wish အဖြူရောင်ယာဉ်၏ ဝဲဘက်ခြမ်းအား ဗုံးထိမှန်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၈ ဦးအနက် မောင်…….. မျက်နှာလည်ပင်းဗုံးစထိမှန်ဒဏ်ရာ၊ မောင်……. ၂၂ နှစ် အမရပူရ တောင်မြို့နှင့် မ•••••• ၃၀ နှစ်တို့သည်ကိုယ်ခန္တာ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ကျန်ရှိသော ကျား ၁ဦးမ၄ဦး စုစုပေါင်း ၅ဦးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာ ဒဏ်ရာရရှိသူများအား လူမှုကူညီရေးယာဉ် ၂ စီးဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ယာဉ်/လူသွားလာမှုပိတ်ဆို့၍ အခင်းဖြစ်နေရာဝန်းကျင်တွင် မိုင်းရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ မိုင်းကွဲသည့်နေရာမှ တောင်ဘက် ပေ ၄၀ ခန့်အကွာ လမ်းလယ်ကျွန်း ဓာတ်တိုင်အောက်ရှိ ၁ ပေပတ်လည်ရှိ လျှပ်စစ်ဝါယာကြိုး မီးဘောက်စ်အတွင်းမှ အမြင့် ၁၅ လက်မ ထိပ်ဝအချင်း ၄ လက်မခန့်ရှိ ကွန်ကျူးပိုက်အပြာဖြင့် ပြုလုပ်ထားသည့် ဓာတ်ခဲ ၅ လုံးတပ် ဆော့ကတ်ပြားပါ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိခဲ့ပြီး စစ်မြေပြင်အင်ဂျင်နီယာတပ်မှ သက်မဲ့ပြုလုပ်ကာ သိမ်းဆည်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here