ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်ပျက်ကွက်ပါက ပေးဆောင်ရမည့်ဒဏ်ကြေးအား တိုးမြှင့် သတ်မှတ်

0
329

ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်ပျက်ကွက်ပါက ပေးဆောင်ရမည့်ဒဏ်ကြေးအား တိုးမြှင့် သတ်မှတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပြေစာပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် ဒဏ်ကြေးအား တိုးမြှင့်သတ်မှတ် လိုက်ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရသည်။

ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန်သတ်မှတ်ထားသော လုပ်ငန်းများမှာ စားသောက်ဆိုင်လုပ်ငန်းများ၊ဟိုတယ်နှင့်တည်ခိုခန်းလုပ်ငန်းများ၊ရုပ်သံလွှင့်မီဒီယာလုပ်ငန်းများ၊ရွှေထည်လက်ဝတ်ရတနာရောင်းဝယ်ရေးလုပ်ငန်းများ၊လက်ကိုင်ဖုန်းဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ စသည့်လုပ်ငန်းများဖြစ်ကြောင်းလည်း သိရသည်။

အထက်ပါလုပ်ငန်းများအနေဖြင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်း၊ရောင်းချခြင်းတို့နှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသည့်ပြေစာကို စားသုံးသူတွေထံမှ အခွန်ကောက်ခံရခြင်းကို ဆောင်ရွက်ရမှာဖြစ်ပြီး ပြေစာပေါ်တွင်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် ဒဏ်ကြေးအား တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်းအခွန်ဦးစီးဌာနမှ သိရသည်။

“ဝယ်ယူသူကိုပြေစာမထုတ်ပေးတာတို့ ကျသင့်တဲ့ကုန်သွယ်လုပ်ငန်းခွန်ပမာဏအတိုင်း အမှတ်တံဆိပ် မကပ်နှိပ်တာ ပြုလုပ်ခဲ့တာကို မြို့ နယ် အခွန်ဦးစီးမှူးက စိစစ်တွေ့ရှိခဲ့ရင် အထောက်အထားတန်ဖိုးပေါ်မှာ ထပ်မံပေးဆောင်ရမယ့်တန်ဖိုးရဲ့ ၁၀၀ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမှာဖြစ်ပါတယ်။ဒါဟာ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ မှာ ပြဌာန်းထားပြီး ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် စားသောက်ဆိုင်ပြေစာအတွက် ကျသင့်တဲ့ အခွန်ပမာဏက ၁၀၀၀ကျပ်ဖြစ်ပေမယ့် ၅၀၀ကျပ်ဖိုးသာ အခွန်ပမာဏဖြစ်နေရင် ထပ်မံပေးဆောင်ရမယ့် ဒဏ်ကြေးက ၁၀၀ရာခိုင်နှုန်း ဒဏ်ကြေးအဖြစ် ၅၀၀ကျပ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ပျက်ကွက်မှုအလိုက်ဒဏ်ကြေးငွေတွေကိုလည်း ပေးဆောင်ရမှာဖြစ်ပါတယ်´´အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

တိုးမြှင့်သတ်မှတ်ခဲ့သည့် ဒဏ်ကြေးများမှာ ပျက်ကွက်မှုအလိုက် ပထမအကြိမ်အတွက် ယခင် ငါးသိန်းကျပ်မှ ယခု၁၀သိန်းကျပ်၊ ဒုတိယအကြိမ်အတွက် ယခင် ၁၀သိန်းကျပ်မှ ယခု သိန်း၂၀ကျပ်၊တတိယအကြိမ်အတွက် ယခင် ၁၅သိန်းကျပ်မှ ယခုသိန်း၃၀ကျပ်၊ တတိယအကြိမ်အထက် ပျက်ကွက်ခဲ့လျှင်ယခင်သိန်း၂၀ကျပ်မှ ယခု သိန်း၆၀ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here