စက်သုံးဆီ ကောလဟာလဂယက် မန္တလေးကိုပါ ရိုက်ခတ်၊ဆိုင်အချို့တွင် အလုအယက်ဝယ်ယူနေကြ

0
163

စက်သုံးဆီ ကောလဟာလဂယက် မန္တလေးကိုပါ ရိုက်ခတ်၊ဆိုင်အချို့တွင် အလုအယက်ဝယ်ယူနေကြ

မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဧပြီ၁၉ရက်နေ့နံနက်ပိုင်းမှ စတင်၍ စက်သုံးဆီပြတ်လတ်မည်ဆိုသော ကောလဟာလများထွက်ပေါ်လာသောကြောင့် မြို့တွင်းရှိမော်တော်ယာဉ်ပိုင်ရှင်များနှင့်စက်သုံးဆီတဆင့်ပြန်လည်ရောင်းချသူများက အလုအယက်ဝယ်ယူနေသဖြင့် စက်သုံးဆီအမှန်တကယ်လိုအပ်နေသူများ အခက်တွေ့နေကြောင်း မြို့ခံများထံမှ သိရသည်။

“စက်မှုသွားမလို့ ဓာတ်ဆီဝင်ထည့်တာ ဆီဆိုင်မှာ နာရီဝက်လောက်စောင့်လိုက်ရတယ်။ဘဏ်ငွေထုတ်ရသလိုပဲ ခါတော်မီလုပ်စားတွေပါလာတော့ မလိုအပ်ဘဲအချိန်တွေစောင့်နေရတယ်´´ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း“ လူမှုကွန်ယက် မီဒီယာများတွင် ပြန့်နှံ့နေသော “သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်” ဆိုသည့်ကောလဟလ သတင်းအမှားများ ထွက်ပေါ် နေတာတွေ့ရှိရပါတယ်။ ယနေ့ သီလဝါသိုလှောင်ကန်စခန်းများ အပါအဝင် ပြည်တွင်း ဆီလက်ကျန် အခြေအနေမှာ ဓါတ်ဆီအနေနဲ့ ဂါလန်သန်းပေါင်း (၄၅)သန်းခန့်နဲ့ ဒီဇယ်ဆီဂါလန်သန်းပေါင်း (၇၀) သန်းခန့် ရှိပါတယ်။ လက်ရှိ ဆိပ်ကမ်းမှာရောက်ရှိပြီး မဟာသင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးတဲ့ သင်္ဘော (၂)စီး လဲရှိပါတယ်။ ဒါ့ကြောင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်ကြောင်း အရင်ပြောကြားလိုပါတယ်။ဒါ့အပြင် လူမှုကွန်ယက်များတွင်ပြန့်နှံ့နေသလို တရုတ်ပြည်ကနေ သီရိလင်္ကာနိုင်ငံမှတစ်ဆင့် ကြားခံပြီး တင်သွင်းနေရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြည်တွင်းသို့ စက်သုံးဆီများကို စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ကိုရီးယားနိုင်ငံများက အဓိက တင်သွင်းနေတာဖြစ်ပါတယ်´´ဟု ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိအချိန် မန္တလေးစက်သုံးဆီစျေးကွက်အတွင်း92Ron တစ်လီတာ ၂၀၀၀ကျပ်ဝန်းကျင်၊95Ron တစ်လီတာ ၂၁၀၀ကျပ်ဝန်းကျင်၊ဒီဇယ်တစ်လီတာ ၂၃၀၀ကျပ်ဝန်းကျင်နှင့်Premiumဒီဇယ် တစ်လီတာ ၂၃၅၀ကျပ်ဝန်းကျင်ဖြင့် ပေါက်စျေးများရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here