မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက်အကြိုလှုပ်ရှားမှုအနေဖြင့် အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံပြပွဲကျင်းပ

0
168

မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက်အကြိုလှုပ်ရှားမှုအနေဖြင့် အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံပြပွဲကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အံတော်သိမ် ပုထိုးတော်ကြီး၊ ဓမ္မသာလဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပ ပြုလုပ်သည့် အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံပြပွဲအား ယခုရက်ထဲကျင်းပခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ ရပြီး ဖြစ်ကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အဆိုပြုစာတွဲအပြည့်အစုံ(Nomination Dossier Complete) ကို ကမ္ဘာ့အမွေအနှစ်ကော်မတီ (Word Heritage Center)သို့ အချိန်မီပေးပို့ထားခဲ့ပြီး ဖြစ်ကြောင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေး တင်သွင်းစဉ်က နှလုံးသားထဲက ပုဂံဓာတ်ပုံအဖွဲ့က ယခုလို ပြပွဲကျင်းပ ခဲ့သည့် အပြင် ပုဂံ၊ ပဲခူး၊ ရန်ကုန်၊ မုံရွာ၊ မန္တလေးတို့တွင် ဓာတ်ပုံ ပြပွဲများ ကျင်းပခဲ့ပြီး ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံကျင်းပချိန်တွင် အမျိုးသားရေး စိတ်ဓာတ်နှင့် ၎င်းတို့ကိုယ်တိုင် စရိတ်ကျခံပြီး ညီလာခံကျင်းပ သည့် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့သို့ တက်ရောက်ခဲ့ကြပြီး ဝိုင်းဝန်းခဲ့ကြ ကြောင်း၊ ပထမဆုံးအကြိမ်အဖြစ် အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံပြပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး ဆက်လက်၍ စစ်တွေ၊ သံတွဲ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပုဂံမြို့တို့တွင် ဆောင်ရွက်ရန် လျာထားသည်ဟု သိရပါကြောင်း၊ အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံပြပွဲတွင် မြောက်ဦးဒေသခံ ဓာတ်ပုံ ပညာရှင် များက ဓာတ်ပုံ (၁၂၀)ကို ခင်းကျင်းပြသသွားမည်ဟု သိရှိရသည့် အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း ပြောသည်။

မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း အားဖြင့် မြောက်ဦးမြို့သာမက ရခိုင် ပြည်နယ်ရှိ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေများ ပိုမိုရရှိ လာနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများပါ တစ်ဆက်တည်း ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်ကာ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်းများ ပိုမို အားကောင်း တိုးတက်လာမည် ဖြစ်သည်ဟုသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here