တရုတ်နိုင်ငံကနယ်စပ်ဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အား မျှဝေပေးလိုမှုအ​ပေါ် မြန်မာသဘောထား

0
143

တရုတ်နိုင်ငံကနယ်စပ်ဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အား မျှဝေပေးလိုမှုအ​ပေါ် မြန်မာသဘောထား

ပြီးခဲ့သည့်  တရုတ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr Wang Yi က တရုတ်နှင့်မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း သွယ်တန်းထားရှိမည်ဆိုပါက လျှပ်စစ်ဓာတ်အားမျှဝေပေးရန် ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

သို့အတွက် မြန်မာနိုင်ငံ အနေဖြင့် ဓာတ်အားပြတ်လပ်မှုကို လျော့ပါးစေရန် ယခုကဲ့သို့ အကြံပြုချက် အပေါ် မည်သို့ ထင်မြင်ပါသနည်းဟု People’s Daily သတင်းဌာန သတင်းထောက်က ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွါးဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးအားမေးမြန်းခဲ့သည်ဟု သိရသည်။

မေးမြန်းမှုထဲ မြန်မာနိုင်ငံတွင် လတ်တလော လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုရှိနေပြီး လောင်စာဆီအခက်အခဲကို အချိန်တိုအတွင်း ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် မဖြစ်နိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်ကိုတွေ့ရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အိမ်နီးချင်းတရုတ် နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံကို နယ်စပ်ဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အား မျှဝေပေးလိုခြင်းသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြဿနာရပ်ကို ဖြေရှင်းနိုင်ရန် အလွန်ကောင်းမွန်သည့် အဖြေတစ်ခု ဖြစ်ပါကြောင်း၊ တရုတ်နှင့် မြန်မာ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းသွယ်တန်းမှု စီမံကိန်းသည် China-Myanmar Economic Corridor Cooperation ၏ အစိတ် အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုစီမံကိန်းများရှိသည်ဟု သိရပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှု စီမံကိန်းဆွေးနွေးပွဲ များလည်း ပြုလုပ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် စီမံကိန်းဆောင်ရွက်ရန် အဓိက ဆောင်ရွက် လျက်ရှိပြီး နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းဖြန့်ဝေမှုမှ လျှပ်စစ်ဓာတ်အား လက်ခံရရှိ မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းနောက်ဆက်လက်ပြီး တရုတ်သတင်းထောက်က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရန် အရင်းအမြစ် လုံလောက်သော်လည်း အဘယ်ကြောင့် စိတ်ဝင်စားမှု မရှိပါသလဲ မေးခွန်းမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးက မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ NGOs များက အထူးသဖြင့် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း များကို ဆန့်ကျင်ကန့်ကွက်လျက်ရှိပါကြောင်း၊ အနောက်အုပ်စုအနေ ဖြင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်မည် ကို ဟန့်တားလိုခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းအင်အားစုများအနေဖြင့် ရေအားလျှပ်စစ်ထုတ်ယူရာတွင် မြစ်ရေကိုတားဆီး၍ဆည်များ တည်ဆောက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိသည်ဟု ထင်မြင်နေပါကြောင်း၊ ရေအားလျှပ်စစ်ဓာတ်ထုတ်ယူမှုမှအကျိုး ကျေးဇူးများစွာရှိသည်ကို သိမြင်နားလည်နိုင်မှု အားနည်းနေကြသဖြင့် ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေပါကြောင်း၊ ရေအားလျှပ်စစ်မှ စွမ်းအင် အလုံအလောက်ရရှိနိုင်ပြီး မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူ နိုင်မှု အခြေအနေကောင်းများစွာရှိသည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊ အစိုးရ အနေဖြင့် ကြားကာလတစ်ခုတွင် တာဝန်ထမ်းဆောင်ရခြင်းဖြစ်သော်လည်း နိုင်ငံအတွက် လျှပ်စစ် ဓာတ်အားပိုမိုရရှိစေရန် အလတ်စား ရေတိုရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here