မန္တလေးတိုင်းအတွင်း ဖောက်ခွဲဖျက်ဆီးမှုများပြု လုပ်မည့်သူ ၁၃ ဦးအားလက်နက်၊ခဲယမ်းများနှင့်အတူဖမ်းမိဟု နစက ထုတ်ပြန်

0
272

မန္တလေးတိုင်းအတွင်း ဖောက်ခွဲဖျက်ဆီးမှုများပြု လုပ်မည့်သူ ၁၃ ဦးအားလက်နက်၊ခဲယမ်းများနှင့်အတူဖမ်းမိဟု နစက ထုတ်ပြန်

မန္တလေးတိုင်းအတွင်း ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်မည့်သူ အမျိုးသား ၁၁ ဦး၊အမျိုးသမီး ၂ ဦး(စုစုပေါင်း ၁၃ ဦး)အား ဧပြီ ၈ ရက်မှစတင်ကာ လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ဧပြီ ၈ ရက်ညပိုင်းတွင် မဟာအောင်မြေမြို့နယ်၊အောင်ချမ်း အေးရပ်ကွက်နေ စည်သူ(ခ)ဆိတ်ကြီး(၄၀)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်နေ အောင်ကျော်မိုး(ခ)မိုးမိုး(၃၈)နှစ်နှင့်အောင်မြေသာစံမြို့နယ်၊ပြည်လုံးချမ်းသာရပ်ကွက်၊အကွက်အမှတ်(၅၂)နေ အောင်ထွန်းလင်း(ခ)ပါပူး(၄၄)နှစ်အား ဖမ်းမိခဲ့သည်။

ဖမ်းမိသူများ၏ဖော်ထုတ်ချက်အရ ဧပြီ ၉ ရက်နံနက်ပိုင်း၊ ၁၂ ရက်နံနက်ပိုင်း၊ ၁၄ ရက်ညပိုင်းနှင့် ၂၀ ရက်ညပိုင်းတို့တွင် အမျိုးသား ၈ ဦး၊အမျိုး သမီး ၂ ဦးတို့အား လက်နက်၊ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၁၃ ဦးနှင့်အတူ KA-25 သေနတ် ၄ လက်၊ ၉ မမ ပစ္စတို ၁ လက်၊လက်လုပ်သေနတ် ၂ လက်၊ကျည်အိမ်မျိုးစုံ ၁၆ ခု၊ကျည်မျိုးစုံ ၇၂၇ တောင့်၊လက်ပစ်ဗုံး ၆ လုံး၊အီနာဂါဗုံးသီး ၂၅ လုံး၊ ၁၀၇ မမ တိုက်ဒုံးသီး ၁ လုံး၊လက်လုပ်မိုင်းမျိုးစုံ ၁၀ လုံး၊ဒီတိုနေတာ ၃၇၅ ချောင်း၊ကျည်ကာအင်္ကျီ ၆ ထည်၊ပြောက်ကျားယူနီဖောင်း ၃ စုံ၊ Keypad ဖုန်း ၂၂ လုံး၊ဆေးပစ္စည်းမျိုးစုံထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်နှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ၎င်းတို့သည် မန္တလေးတိုင်းအတွင်း မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင်အား ဓါးပြတိုက်ရန်၊ရတနာပုံဥယျာဉ်ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့်နေ့နှင့်သင်္ကြန်ကာလအတွင်း မန္တလေးမြို့အတွင်း၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများပြုလုပ်ရန် စီစဥ်ထားကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များကဆောင်ရွက်လျက်ရှိကာ ဖမ်းဆီးရန်ကျန်ရှိနေသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here