နယ်စပ်တွင် တရုတ်ခေါက်တိုယာဉ်များ ဈေးနှုန်းကြီးမြင့်မှု လျှော့ချရေးကိစ္စ အပါအဝင် နယ်စပ်ကုန်သွယ်ရေး မြန်မာ-တရုတ်ဆွေးနွေး

0
178

နယ်စပ်တွင် တရုတ်ခေါက်တိုယာဉ်များ ဈေးနှုန်းကြီးမြင့်မှု လျှော့ချရေးကိစ္စ အပါအဝင် နယ်စပ်ကုန်သွယ်ရေး မြန်မာ-တရုတ်ဆွေးနွေး

တရုတ်နိုင်ငံ (ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်း ဆွေးနွေးပွဲအား ဧပြီ၂၈ရက်က ကျင်းပစဉ် အထက်ပါကိစ္စအား ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သည်တစ်ဦးက “မြန်မာဘက်က ကားတွေကို တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ အဝင်မခံဘူး။သူတို့ တရုတ်ဘက်က ကားတွေ နဲ့ ပဲ ဆောင်ရွက်တယ်။ဒီတော့ကာ အကုန်အကျများတယ်။ဒီကိစ္စက ရေရှည်ဆိုရင် မြန်မာကုန်သည်တွေအတွက် အကုန်အကျများ နစ်နာမှုရှိလို့ ခုလို ဆွေးနွေးကြတဲ့အပေါ် ကြိုဆိုပါတယ်”ဟု ပြောသည်။

မြန်မာဘက်က ဆွေးနွေးပွဲသို့ နစက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတက်ရောက်ခဲ့ပြီး၊တရုတ်နိုင်ငံဘက်က ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ် Ms.Yang Mu တို့ တက်ရောက်ခဲ့ကြသည်။ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး(မန္တလေး)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး(ကူမင်းမြို့)တို့မှ ကောင်စစ်ဝန်ချုပ်များလည်းတက်ရောက်ခဲ့ကြကာ အဆိုပါ အွန်လိုင်းညှိနှိုင်း ဆွေးနွေးပွဲက နှစ်နိုင်ငံ ပြည်ဝင်/ ထွက်ဂိတ် နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်စွာ တွန်းအားပေးနိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင်ပင် မြန်မာနိုင်ငံဘက်မှ ရာသီပေါ် သရက်သီးအပါအဝင် ပုပ်သိုးကုန် သစ်သီးဝလံများအား တရုတ်နိုင်ငံဘက်သို့ လျင်မြန်စွာတင်ပို့နိုင်ရေးကိစ္စ၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ကုန်သွယ်မှုပြုရာတွင် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးကိစ္စ၊ BP–125 နယ်စပ်ဂိတ် ယာယီဂိတ်ဖွင့်လှစ်နိုင်ရေး၊ အဆိုပါဂိတ်မှ မြန်မာ့ပို့ကုန်ကြံများကို တင်ပို့နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှု မူဝါဒ အပြောင်းအလဲများအား Contact Person မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ရေးကိစ္စ၊ အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ SPS လုပ်ငန်းစဉ်များတွင် GACC နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များအား နှစ်ဖက် တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်ဟုလည်း နစက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းအရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here