ရှေးဟောင်းဘုရားအမှတ် (၄၂၁)၏ နံရံဆေးပန်းချီအချို့အား ခွာယူဖျက်ဆီးထားခြင်းများရှိခဲ့၍ တရားခံများအား ဖမ်းဆီးရရှိနိုင်ရေး ဆောင်ရွက်လျှက်ရှိ

0
264

ရှေးဟောင်းဘုရားအမှတ် (၄၂၁)၏ နံရံဆေးပန်းချီအချို့အား ခွာယူဖျက်ဆီးထားခြင်းများရှိခဲ့၍ တရားခံများအား ဖမ်းဆီးရရှိနိုင်ရေး ဆောင်ရွက်လျှက်ရှိ

အလိုတော်ပြည့်ဘုရား၏ အရှေ့တောင်ဘက်၊ ဗူးလည်သီးဘုရား၏ အရှေ့ဘက်၊ ဝတ္တနတော ဘုရားစု၏ အနောက်တောင်ထောင့်တွင် တည်ရှိသော ရှေးဟောင်းဘုရားအမှတ် (၄၂၁) (ဉာဏ်တော်အမြင့် ၅၀ ပေခန့်၊ စေတီပေါက် လေးမျက်နှာဂူဘုရား)၏ အရှေ့ဘက်မုခ် အတွင်း ဆင်းတုတော်၏ လက်ယာ ဘက်၊ တောင်ဘက်နံရံ အနောက်ဘက်ခြမ်းတွင် အထက်အောက် ရေးဆွဲထား သော (၄ လက်မ x ၄ လက်မ)ခန့်အရွယ် ၅၅၀ ဇာတ်ကွက် နံရံဆေးရေးပန်းချီ မူလ (၁၈)ကွက်တွင် (၃)ကွက် ပျက်စီးလျက်ရှိပြီး ကျန်ရှိ (၁၅)ကွက်အနက် အပေါ်ပိုင်း(၂)ကွက် တန်း (၃)တန်း(၆)ကွက်အား ခွာယူဖျက်စီးထားခြင်း၊ ဆင်းတုတော်၏ဝဲဘက် မြောက်ဘက်နံရံ အနောက် ဘက်ခြမ်းတွင် အထက် အောက်ရေးဆွဲထားသော (၄ လက်မ x ၄ လက်မ)ခန့်အရွယ် ၅၅၀ ဇာတ် ကွက် နံရံဆေးရေးပန်းချီ (၂၀)ကွက်တွင်(၂)ကွက်အား ခွာယူဖျက်ဆီးထားခြင်း၊ မြောက်ဘက် မုခ်အတွင်း ဆင်းတုတော်၏ လက်ယာဘက် အရှေ့ဘက်နံရံ တောင်ဘက်ခြမ်းတွင် အထက် အောက်ရေးဆွဲထားသော (၁ ပေ x ၆ လက်မ) ခန့်အရွယ် ဇာတ်ကွက် နံရံဆေးရေးပန်းချီ မူလ(၇) ကွက်တွင် (၂)ကွက် ပျက်စီး လျက်ရှိရာ ကျန်ရှိ (၅)ကွက်အနက် ပဉ္စမမြောက်အကွက်ကို ခွာယူရန် ချွန်ထက် မာကြောသောပစ္စည်းမျိုးဖြင့် ပန်းချီကွက်၏ ပတ်ခြာလည်ကို ခြစ်ထုတ် ဖျက်ဆီးထားခြင်း တို့ကို စစ်ဆေးတွေ့ရှိခဲ့ရပါသဖြင့် နံရံဆေးရေးပန်းချီများ ပြန်လည်ရရှိရေးနှင့် တရားခံများအား ဖမ်းဆီးရရှိနိုင်ရေး သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ကြိုးပမ်းလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရသည်။

အလားတူကိစ္စရပ်များအနေဖြင့် ဂျာမဏီနိုင်ငံသား မစ္စတာထော်မန်ဆိုသူက ၁၈၉၉ ခုနှစ်တွင် ဝက်ကြီးအင်းဂူပြောက်ကြီးဘုရားရှိ နံရံဆေးရေးပန်းချီများ အချပ်လိုက်လွှဖြင့်ဖြတ်၍ ခိုးယူခဲ့ သည့်ဖြစ်စဉ်၊၂၀၁၉ခုနှစ်တွင် မင်းနန်သူရွာအနီးရှိ ဘုရားအမှတ် (၆၆၄)ရှိ အာရုံခံတောင် ဘက်ခြမ်းရှိ နံရံပန်းချီများအား လွှဖြင့်တိုက်ဖြတ်ထားသည့်ဖြစ်စဉ်၊ မြောက်ဘက်မုခ်အနောက်ဘက်နံရံရှိ နံရံပန်းချီအား လွှဖြင့်အရာပေးထားသည် ကို လည်းကောင်းစသည်ဖြင့် ဌာနခွဲမှ ကွင်းဆင်းတွေ့ရှိချက်အရ လွှကြောင်းရာများကို အင်္ဂတေပြန်ဖြည့်ခြင်း၊ သံတံခါးများ တပ်ဆင်ခြင်းဖြင့် လုံခြုံမှုရှိအောင် ဆောင်ရွက်ခဲ့ရမှုများရှိခဲ့သည်ဟုသိရသည်။

၂၀၂၀ ပြည့်နှစ်တွင်လည်း ယင်းကာလ လတ်တလော ဌာပနာဖောက်ခံရသည့် ဘုရား(၅)ဆူ၊ ယခင်ကာလကတည်းက ဌာပနာ ဖောက်ခံရသည့် ဘုရား/ပုထိုး (၇)ဆူနှင့် ဌာပနာထည့်သွင်းထားခြင်းမရှိခဲ့သည့် ဘုရား/ပုထိုး (၂၁)ဆူဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရ၍ ဖောက်ထွင်းဖျက်စီး မှုနှင့် ခိုးယူခံရမှုများကို သက်ဆိုင်ရာဌာနတွင် အမှုဖွင့်လှစ်ခြင်း၊ ဖောက်ထွင်း ထားသည့်နေရာများကို ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းဆောင် ရွက်ခဲ့ပါ ကြောင်း စသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်ဟုလည်းသိရသည်။

ဤကဲ့သို့ ရှေးဟောင်းဘုရားများရှိ ယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို မသမာသူများ၏ ခိုးယူဖျက်ဆီးခြင်းရန်မှ ကာကွယ်ရေးနှင့် ပျောက်ဆုံး ပစ္စည်းများပြန်လည်ရရှိရေးအတွက် ပြည်သူ များက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အသိပေးထားသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here