စားသုံးဆီများ ပြည်တွင်းတွင် အလုံအလောက်သိုလှောင်ထားရှိ

0
463

စားသုံးဆီများ ပြည်တွင်းတွင် အလုံအလောက်သိုလှောင်ထားရှိ

ပြည်တွင်း၌ စားသုံးဆီများပြတ်လပ်မှု မရှိစေရေးကိုလည်း အစဉ်အဆက်မပြတ် ကြပ်မတ်လျက်ရှိဟုသိရသည်။

ပြည်ပကနေ တင်သွင်းသည့် စားသုံးဆီများအား ပြည်တွင်းမှာ တင်သွင်းရောင်းချသည့်အခါ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းရရှိရေးကို ထိန်းကျောင်းပေးနေသည်ဟု စာအုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကော်မတီမှသိရသည်။

“အဓိက စားသုံးဆီဈေးကွက်က ဘယ်ဟာကို အခြေခံနေသလဲဆိုရင် ကမ္ဘာ့စားသုံဆီဈေးကွက်ပေါ်မူတည်ပြီး အခြေခံနေပါတယ်။ အဓိကပြည်တွင်းမှာ ရောင်းချဖြန့်ဖြူးနေတဲ့ဆီတွေက မလေးရှားနဲ့ အင်ဒိုနီးရှားကနေ တင်သွင်းတဲ့ဆီတွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဓိက တင်သွင်းတဲ့နေရာတွေ ဖြစ်ကြတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဆီဈေးမြင့်တက်မယ်ဆိုရင် ပြည်တွင်းဈေးကွက်မှာလည်း အထိုက်အလျောက်တော့ လိုက်တက်တတ်ပါတယ်။ သူတို့နိုင်ငံကဆီဈေးမြင့်တက်တာနဲ့ ကျွန်တော်တို့နိုင်ငံမှာလည်း ဈေးလိုက်တက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီဈေးတွေပေါ်မူတည်ပြီး ထုတ်ပြန်ရတာ ဖြစ်ပါတယ်။ ထုတ်ပြန်တဲ့အခါမှာလည်း စားသုံးသူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းကို တစ်ပတ်ကိုတစ်ကြိမ်ထုတ်ပြန်ပါတယ်။

စားသုံးဆီဖြန့်ချီပေးတဲ့အခါမှာလည်း သယ်ယူပို့ဆောင်ခတွေ တွက်ချက်ပြီး တဲ့အပေါ်မှာ အမြတ် ၂% နဲ့ တွက်ချက်ပြီး လက်လီလက်ကားရောင်းချခွင့် ပေးပါတယ်။ လက်လီဈေးကွက်မှာ မတန်တဆဈေးကွက် ကစားခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်းတို့ရှိခဲ့ရင် အရေးပေးကုန်စည်နှင့် ဝန်ဆောင်မှုဉပဒေအရ အရေးယူတာမျိုးတွေ ပြုလုပ်နေပါတယ်လို့” စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရေးကော်မတီရဲ့ ညွှန်ကြားရေးမှူးချုပ် ဉီးဟန်ဝင်းကျော်က ဆိုသည်။

ပြည်တွင်း၌ ယခုလက်ရှိတွင် စားသုံးဆီများ ပြတ်လတ်မှုအနေအထားမျိုး မကြုံရသေးကြောင်း စားသုံးသူပြည်သူတစ်ဦးက ယခုလိုပြောသည်။
“ကျွန်မတို့အနေနဲ့ အခုလက်ရှိတော့ ဆီကပြတ်တယ်ဆိုတာမျိုးတော့ မကြုံရသေးပါဘူး။ ဒါပေမယ့် ဆီဈေးက တက်လိုက် ကျလိုက်ဖြစ်နေတော့ အခက်အခဲလေး အနည်းငယ်တော့ရှိပါတယ်။ အဲ့အပေါ်မှာ ရောင်းတဲ့သူတွေက ဖြေညှိပေးနိုင်မယ် ဆို ရှေ့လျှောက်ပိုအဆင်ပြေလာနိုင်မယ်လို့ထင်တယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်တွင်နေထိုင်သည့် မထိုက်မှ ယခုလိုပြောသည်။

ယခုလက်ရှိတွင် ပြည်တွင်း၌ စားသုံဆီများအလုံအလောက် သိုလှောင်ထားရှိပြီး ပြည်ပကနေတင်သွင်းသည့်စားသုံးဆီများလည်း အပတ်စဉ်သဘော်များဖြင့် ပုံမှန်ဝင်ရောက်နေလျက်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေးကော်မတီက မေလ ၂ရက်နေ့မှ မေလ၈ရက်နေ့အထိ စားသုံးဆီတစ်ပိသာကို ၆၀၂၅ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချရန်ခွင့်ပြုထားသော်လည်း လက်ရှိ စျေးကွက်တွင် တစ်ပိသာအား ၇၅၀၀ကျပ်နှုန်းထားဖြင့် ရောင်းချနေလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here