မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁) ပြန်လည်ဖွင့်လှစ်မည်ဟုသတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာအစိုးရဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေး

0
278

မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁) ပြန်လည်ဖွင့်လှစ်မည်ဟုသတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာအစိုးရဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေး

ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်စည် စီးဆင်းရာဒေသတစ်ခုဖြစ်သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည့်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံ အစိုးရဘက်မှ လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ယင်းဒေသအတွင်းရှိ ကုန်သည်တစ်ဦးက ပြောသည်။

“ဗုံးပေါက်တုန်းက ပျက်ဆီးသွားတဲ့ အရာတွေကို ပြန်ပြင်ဆင်နေတာပါ။ သန့်ရှင်းရေးတွေ လုပ်နေတယ်ပေါ့ဗျာ။ ထိုင်းဘက်က တံတားဖွင့်ဖို့ ပြင်ဆင်သန့်ရှင်ရေးလုပ်နေတာကလည်း ဟိုတစ်ရက်က သတင်းတွေ ထွက်လာတော့ ဒီဘက်မှာလည်း သန့်ရှင်းရေးလုပ်နေတော့ မကြာမီ ပြန်ဖွင့်မယ်လို့ ထင်ကြေးပြောဆိုနေကြတာပေါ့။ ဗုံးပေါက်ကွဲထားတော့ အမိုးကြီးပါ လန်ထွက်ထားတဲ့အတွက် ပြန်ပြင်ဆင်နေတာပါ။ ဖွင့်မယ် မဖွင့်ဘူးကတော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ အစိုးရဘက်ကလည်း တရားဝင် ကြေညာထားတာ မရှိသေးပါဘူး။” ဟု မြဝတီအခြေစိုက် ကုန်သည်တစ်ဦးကဆိုသည်။

ပြီးခဲ့သော ဧပြီ ၃၀ ရက်တွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှုများရှိခဲ့ပြီး၊ မေ (၁)ရက်တွင် ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း တဖန် မေ(၅) ရက်မှသာ ဖွင့်လှစ်မည်ဟုသတင်းများ ထပ်မံ ထွက်ပေါ်ခဲ့သေးသည်။

သို့သော် ယနေ့ အချိန်အထိ တံတား ပြန်လည်ဖွင့်လှစ်မည်ဆိုသည့် သတင်းမှာ တရားဝင် ထုတ်ပြန်ကြေညာမှု မျိုးမတွေ့ရသေးကြောင်း သိရသည်။

ထို့အပြင် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်မည်ဟု လည်း ကနဦး သတင်းများထွက်ပေါ်နေပြီး မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ယင်းနယ်စပ်ဒေသရှိ ကုန်သည်တစ်ဦးက ပြောသည်။

“ ထိုင်းဘက်ကတော့ ဖွင့်ချင်နေတာအမှန်ဘဲ။ မြန်မာဘက်က ဆုံးဖြတ်ချက်ကိုစောင့်နေကြတာ။ မြန်မာဘက်ကလည်း တိုက်ပွဲတွေ ဆက်တိုုက်ဖြစ်နေတော့ ခရီးလမ်းတစ်လျှောက် စိတ်မချ ရတဲ့ အခြေအနေပေါ့ဗျာ။ ဖွင့်တော့မှဘဲ ဖွင့်တယ်လို့ဘဲ မှတ်ထားတယ်” ဟု ဆိုသည်။

ထိုင်းနိုင်ငံ အစိုးရက ချစ်ကြည်ရေးတံတားများအပါအဝင် နယ်စပ် ဂိတ်ပေါက် ၁၇ ခုကို ပြန်လည်ဖွင့်လှစ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)ဂိတ်တွင် ဧပြီလ (၃၀)ရက်က ပြင်းထန်သော ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦးအချို့နှင့် ကားများ မီးလောင်ပျက်ဆီးခဲ့သည်။

မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁) တံတားကို ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါကြောင့် နှစ်နှစ်ကျော်ကြာ ယာယီ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

Photo Credit မြဝတီမဲဆောက်မီဒီယာ

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here