ပြည်တွင်းစက်သုံးဆီစျေးကွက်၌ စက်သုံးဆီစျေးနှုန်းမှာပျမ်းမျှ ငွေကျပ် ၂၀၀၀ ကျော်အထိစျေးမြင့်တက်နေဆဲဖြစ်

0
166

ပြည်တွင်းစက်သုံးဆီစျေးကွက်၌ စက်သုံးဆီစျေးနှုန်းမှာပျမ်းမျှ ငွေကျပ် ၂၀၀၀ ကျော်အထိစျေးမြင့်တက်နေဆဲဖြစ်

ပြည်တွင်းစက်သုံးဆီစျေးကွက်၌ မြန်မာနိုင်ငံသို့တင်သွင်းနေသည့် စက်သုံးဆီအမျိုးမျိုးမှာ နိုင်ငံ ခြားငွေလဲလှယ်မှု အနေအထား၊သယ်ယူပို့ ဆောင်ရေး အခြေအနေတို့ကြောင့် ပျမ်းမျှ ငွေကျပ် ၂၀၀၀ ကျော်အထိစျေးမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများရောင်းချရာ၌ တစ်ဆိုင်နှင့်တစ်ဆိုင်စျေးနှုန်းမတူညီမှု၊အချို့ဆိုင်များတွင် Demand နှင့် Supply မမျှတမှုများ တစ်ခါတစ်ရံကြုံတွေ့နေရသည်ဟု PPRD မှသိရသည်။

ထို့ကြောင့် စက်သုံးဆီအရောင်းဆိုင်များ၌ ဆီများလုံးဝပြတ်တောက်သွားခြင်းများမကြုံတွေ့ရဘဲ အရည်အသွေးနှင့်အရေအတွက်ပြည့်မီစွာရောင်း ချနိုင်ရေးအား PPRD မှအလေးထားဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

စက်သုံးဆီစျေးနှုန်းများ အရောင်းဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင်မတူညီရခြင်းမှာ အရောင်းဆိုင်များ သည် သက်ဆိုင်ရာဌာနမှချမှတ်ထားသည့် စျေးနှုန်းအတိုင်းရောင်းချနေလျက်ရှိသော်လည်း သယ်ယူပို့ဆောင်ခများကြောင့် မတူညီရခြင်းဖြစ်ကြောင်း စက်သုံးဆီရောင်းချသူအချို့ထံမှ သိရသည်။

ပြည်တွင်း၌စက်သုံးဆီရောင်းချနေသည့် အရောင်းဆိုင်များတွင် နေ့စဥ်ရောင်းချနေသည့် စက်သုံးဆီစျေးနှုန်းများအား စျေးနှုန်းဘုတ်များဖြင့် ထင်ရှားစွာရောင်းချရန်၊အရောင်းဆိုင်များတွင် စက်သုံးဆီအမျိုးအစားများအား(ဥပမာ-92/95/HSD/PHSD)များကိုသာရောင်းချရန်၊အရောင်းဆိုင် ၁ ဆိုင်ချင်းအလိုက် ဝန်ထမ်းအင်အားပြည့်ဝစွာချထားရန်၊အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများကိုသာထားရှိအသုံးပြုရန်တို့အား စက်သုံးဆီရောင်းချသူများလုပ်ဆောင်ရန် သတ်မှတ်ချက်များချမှတ်ထားကြောင်း သိရသည်။

အလားတူ PPRD မှလည်း စက်သုံးဆီသိုလှောင်ကန်များရှိ သိုလှောင်ထားနိုင်မှု၏ ၃၀ ရာခိုင်နှုန်းခန့် ကျန်သည့်အချိန်တွင် ပြည်ပမှထပ်မံတင်သွင်းနိုင်ရေးအတွက်ဆောင်ရွက်ပေးခြင်း၊သိုလှောင်ကန်များ၌ အရန်ဆီအဖြစ် သိုလှောင်ထားနိုင်မှု ၁၅ ရာခိုင်နှုန်းခန့် အမြဲကျန်ရှိနေရေးတို့အား ကြပ် မတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ပမှတင်သွင်းသည့် စက်သုံးဆီများအ ရည်အသွေးကိုက်ညီမှုရှိ၊မရှိအားစစ်ဆေး၍ ကိုက်ညီမှုရှိမှသာ သိုလှောင်ကန်များနှင့်ရောင်းချသူ များထံ ဖြန့်ဖြူးရောင်းချခွင့်ပေးကာ အခါအားလျှော်စွာ ရှောင်တခင်စစ်ဆေးခြင်းများအား ပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အရည်အသွေးနှင့်အရေအတွက် ပြည့်ဝမှန်ကန်မှုမရှိဘဲ ရောင်းချနေသည့် ကုမ္ပဏီ၊အရောင်းဆိုင်များအား ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here