သီလဝါအထူးစီးပွားရေးဇုန် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မစ္စတာဝါတာနာဘေး နစကတာဝန်ရှိသူများနှင့်ဆွေးနွေး

0
115

သီလဝါအထူးစီးပွားရေးဇုန် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မစ္စတာဝါတာနာဘေး နစကတာဝန်ရှိသူများနှင့်ဆွေးနွေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Japan Myanmar Association ၏ Chairman, Mr. Watanabe Hideo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကဝန်ကြီးများနှင့် ဆက်တိုက်တွေ့ဆုံလျှက်ရှိပြီး ဂျပန်-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးလျှက်ရှိနေကြောင်း ဝန်ကြီးဌာနများ၏ သတင်းများအရသိရသည်။

မေလ ၅ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့်လည်းကောင်း၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့်လည်းကောင်း၊ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်လည်းကောင်းသီးခြားစီတွေ့ဆုံခဲ့သည်ဟု သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် သီလဝါအထူးစီးပွားရေးဇုန် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့်တွေ့ဆုံစဉ် မြန်မာ-ဂျပန် လယ်ယာကဏ္ဍဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးတွင်စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၌ လုပ်ငန်းခွင်အတွေ့အကြုံနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရေး၊ သိုလှောင်ပို့ဆောင်မှုစနစ်များဖွံ့ဖြိုးရေး၊ ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊စိန် တစ်လုံးသရက်နှင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ အရည်အသွေးမြင့် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယင်းအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး ဟိဒဲအို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့မေလ၅ရက်နေ့က တွေ့ဆုံစဉ် မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here