မန္တလေးကျောက်ဝိုင်းတွင် ရုတ်ရုတ်သဲသဲဖြစ်

0
204

မန္တလေးကျောက်ဝိုင်းတွင် ရုတ်ရုတ်သဲသဲဖြစ်

မန္တလေးမြို့၊မဟာအောင်မြို့နယ်၊မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း(ကျောက်ဝိုင်း)တွင် မေလ၅ရက်နေ့နံနက်ပိုင်းက အရောင်းအဝယ်ပြုလုပ်နေသည့် လူစည်ကားချိန်တွင် ပြင်ပမှ ပျံလွင့်လာသောကောလဟလများကြောင့် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ကာ ကျောက်စိမ်းကျပျောက်သူများရှိခဲ့ကြောင်း ကျောက်သမားများထံမှသိရသည်။

“ဘာဖြစ်တာမှန်းလဲကိုမသိတော့ဘူး။အရောင်းအဝယ်လုပ်နေတဲ့အချိန် ကျောက်ဝိုင်းအပြင်ဘက်ကလူတွေ ဝိုင်းထဲကို ရုတ်တရက်ပြေးဝင်လာကြတော့ ကိုယ့်ကျောက် မပျောက်အောင်ဂရုစိုက်လိုက်ရတယ်။တချို့ကျောက်သမားတွေဆို လူတွေ တိုးဝှေ့ဝင်လာတော့ သူတို့နဲ့တိုက်မိပြီးကျောက်တွေကျပျောက်ကုန် ကြတယ်´´ဟု ကျောက်ပွဲစားကိုဖြိုးမှ ပြောသည်။

ကျောက်ကုန်သည်တစ်ဦးဖြစ်သူကိုပြည့်မှလည်း “ ၄၁လမ်းဘက်က သေနတ်ပစ်သံကြားတော့ အပြင်ဘက်ကလူတွေက အုံလိုက်ကျင်းလိုက် အထဲဝင်လာကကြတော့ ပွဲတိုက်နေတဲ့သူတွေ၊ကျောက်ကောက်နေတဲ့သူတွေကို တိုက်မိပြီး ကျောက်တွေအောက်ကျပြီး ပျောက်ကုန်တာလည်းရှိတယ်။ပြန်ရတာလည်းရှိတယ်။တချို့ပွဲစားလေးတွေဆို သူတို့လာတိုက်တဲ့ကျောက်က ကျပျောက်ကုန်တော့ ပိုင်ရှင်ကိုပြန်အပ်ဖို့ မရှိတော့ ဒုက္ခရောက်ကုန်ရော။အရောင်းအဝယ်မှ မကောင်းရတဲ့အထဲ အခုလို ရုတ်ရုတ်ဖြစ်တာ တော်တော့ကို စိတ်ပျက်စရာကြီးပါ´´ဟု ၎င်းကြုံတွေ့ခဲ့ရသည်ကို ပြန်လည်ပြောပြသည်။

မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းတွင် ပြီးခဲ့သည့်ဇန်နဝါရီလ၄ရက်ကလည်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here