မွန်အမျိုးသားညီလာခံမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအပါအဝင် အချက်သုံးချက်အဓိက ဆွေးနွေးအတည်ပြု

0
144

မွန်အမျိုးသားညီလာခံမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအပါအဝင် အချက်သုံးချက်အဓိက ဆွေးနွေးအတည်ပြု

မွန်အမျိုးသားညီလာခံမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အပါအဝင် မွန်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အချက်သုံးချက်ကို အဓိက ထားဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း မွန်ညီညွှတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

ညီလာခံသို့ မွန်ပြည်နယ်လုံးဆိုင်ရာ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မွန်ညီညွှတ်ရေး ပါတီက တက်ရောက်ဆွေးနွေးခဲ့ပြီး၊ ရလာဒ်ကောင်းမွန်သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ အဓိက အရေးကြီးတဲ့ အချက် သုံးချက် ဆွေး‌နွေးခဲ့ကြတယ်။ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် ဘယ်လို ဆက်သွားမလဲပေါ့။ နောက်တစ်ခုက ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရယ်၊ တမျိုးသားလုံးနဲ့ဆိုင်တဲ့ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းပေါ့။ အဲ့ဒါတွေ ဆွေးနွေးခဲ့ပါတယ်။ အကြမ်းမျဉ်းရလာဒ်တွေတော့ ရခဲ့ပါပြီ။”ဟု ဆိုသည်။

မွန်အမျိုးသားညီလာခံမှ ရရှိလာသည့် အဆိုပါ မူကြမ်းအချက်အသုံးချက်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ခြောက်လအတွင်း အချောသတ်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဖွံံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းမူကြမ်းရေးဆွဲရာတွင် သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေးခဲ့ပြီး၊ ယင်းအတွက်လည်း ရလာဒ်ကောင်းမွန်ကြောင်း ဆိုသည်။

လက်ရှိ အတည်ပြုနိုင်ခဲ့သည့် အချက်သုံးချက်ပါ ဥပဒေမူကြမ်းများကို၂၀၁၆ ခုနှစ် မွန်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအတွင်း စတင်ရေးဆွဲခဲ့ကြခြင်းဖြစ်ပြီး၊ ယခု မွန်အမျိုးသားညီလာခံတွင် ဥပဒေမူကြမ်းများအဖြင့် အတည်ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် မွန်အမျိုုးသားညီလာခံကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သော ရေးချောင်းဖျားရှိ ညီစားရွာတွင် လေးရက်တာ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယင်း ညီလာခံကို မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ(NMSP)က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး၊ မွန်ညီညွှတ်ရေးပါတီ၊ မွန်

အရပ်ဘက်အဖွဲ့အစည်းများ၊ မွန်ပြည်နယ်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများ၊ မွန်တတ်သိပညာရှင်များနှင့် လေ့လာစောင့်ကြည့်သူများ တက်ရောက်ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here